ထီးချိုင့်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က မြို့ထဲကို လေယာဉ်နဲ့ဗုံးကြဲ

နိုဝင်ဘာ၊ ၉
 
စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်မြို့မှာ ဒီကနေ့ မနက်ပိုင်းကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း မြို့ထဲအထိ MI-35 တိုက်ခိုက်ရေး လေယာဉ်နဲ့ ညနေပိုင်းက ဗုံးကြဲနေသလို အရပ်သား ထိခိုက်မှုတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
” မနက်ပိုင်း ကြဲတုန်းကတော့ တောမရွာနားမှာ ကြဲသွားတာပေါ့။ ဘာတိုက်ပွဲမှ မရှိတဲ့ ရွာတွေဖက်ကကို သူတို့ကြဲသွားတယ်။ ညနေပိုင်းကျတော့ 35 (MI-35ရဟတ်ယာဉ်) နဲ့ မြို့ထဲကိုလာပစ်သွားတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ထီးချိုင့်မြို့ကို ရခိုင်တပ်တော် (AA) က ဦးဆောင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ စုပေါင်းပြီး တိုက်ခိုက်နေတာပါ။
 
ထီးချိုင့်မြို့ကို စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာလည်း သုံးကြိမ်လာရောက် ပစ်ခတ်ခဲ့တာကြောင့် တရက်တည်း ငါးကြိမ်တိတိ လေယာဉ်နဲ့ လာပစ်သွားတယ်လို့ ဆိုပါတယ်။
 
” အရပ်သား ထိခိုက်တာ ရှိတယ်လို့တော့ သိထားရတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ ဒါပေမယ့် သေဆုံးတာမျိုးတော့ မကြားရသေးဘူး ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဒီကနေ့တရက်အတွင်း မင်းဝံတောင်ခြေ မရသိမ်ရွာ၊ တောမရွာ၊ ထီးချိုင့်မြို့အတွင်းနဲ့ ဝါးဘိုးချောင်းရွာတွေဖက်မှာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြေပြင်သတင်းတွေကို တင်ဆက်ပေးနေတဲ့ ထီးချိုင့် Revolution-TR အဖွဲ့က ရေးသားထားပါတယ်။
 
ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မနေ့က မနက်ပိုင်းကတည်းက မြို့တွင်းထိုးစစ်ဆင်မှုတွေကို စတင်ပြုလုပ်နေတာပါ။ ဒါကြောင့် မနေ့က ညနေပိုင်းကလည်း စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကို ဆိုပါတယ်။
 
“ အခြေအနေတွေကတော့ တင်းမာနေဆဲပဲလို ပြောရမှာပဲ။ မြတောင်ဖက်ခြမ်းကနေပြီးတော့လည်း လက်နက်ကြီးတွေနဲ့ ဒီဖက်ကို ထုနေတယ်။ ဒီကနေ့လည်း မြို့ထဲက ဒေသခံတွေ ထွက်လာတာရှိတယ်။ မနေ့က လေယာဉ်နဲ့ ဗုံးကြဲသွားတော့ ကြောက်သွားပြီး ထွက်လာကြတာပေါ့။ မြို့ထဲမှာတော့ လူတွေက မရှိသလောက်ပါပဲ ” လို့ ဒေသခံနောက်တဦးက ပြောပါတယ်။
 
ကောလင်းမြို့ရဲ့ အရှေ့ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်းက ထီးချိုင့်မြို့မှာတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ မြို့အရှေ့ဘက်တောင်ကုန်းပေါ်က စစ်ကောင်စီရဲ့စခန်းထဲ ပြောင်းရွှေ့နေထိုင်ကြသလို မြို့ခံတချို့လည်း နေရပ်စွန့်ခွာသွားကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
လက်ရှိမှာလည်း တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းအား တော်လှန်ရေးအဖွဲ့တွေက ယာယီပိတ်ထားပါတယ်။
 
ထီးချိုင့်မြို့အနီးရှိ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်တွေနဲ့ မဟာမိတ်တပ်တွေက ဒီလ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ငါးဆယ်လေးလက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
တော်လှန်ရေးအဖွဲ့တွေ ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကသာ၊ အင်းတော်နဲ့ ထီးချိုင့် မြို့တွေမှာပါ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီတပ်ကလည်း မြို့တွင်းပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို ဒေသခံတချို့ကလည်း နေရပ်စွန့်ခွာထွက်ပြေးတာတွေ လုပ်ဆောင်နေကြတာပါ။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ