မြင်းခြံမှာ PDF တွေနဲ့တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က သုံးနှစ်ကလေးအပါအဝင် ခြောက်ဦးကို သတ်ဖြတ်

နိုဝင်ဘာ၊ ၉

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ပျားရွာကို  နိုဝင်ဘာ ရရက်မှာစစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့ပြီး သုံး နှစ်အရွယ်ကလေးတဦး၊ ၁၅နှစ်အရွယ် ကလေးတဦးအပါဝင် အရပ်သားခြောက်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည့်သူ့ကာကွယ်ရေးတပ်(PDF)တွေကြား မနက်၅နာရီကျော်မှာ ပျားရွာနဲ့ ပဲကြီးခင်းရွာ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက ပျားရွာအတွင်း ဝင်ရောက်ကာ နေအိမ်သုံးဆယ်ကျော် ကိုမီးရှို့ပြီး ဒေသခံတွေကို အခုလိုသတ်ဖြတ်ခဲ့တာပါ။

“ သုံးနှစ်အရွယ်ကလေးပေါ့နော် ။သူ့ကို သူ့အမေကပွေ့ပြီးထိုင်နေတာ အဲ့တာကို သေနတ်နဲ့ဝင်ပစ်သွားတယ်။ ဝင်ပစ်တဲ့အချိန်မှာ မိခင်က ပုခုံးကိုရှပ်မှန်တယ်။ ကလေးက သူ့အမေရဲ့ပုခုံးကိုမေးတင်ထားတာဆို‌တော့ က‌လေးရဲ့ခေါင်းကိုပွင့်ထွက်သွားတယ်” လို့ မြင်းခြံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာမြောက်က ကွမ်းခြံတွေကို မီးရှို့ပြီးဝင်လာသလိုမြင်းခြံမြို့ကနေ Four Wheel ကားနှစ်စီး၊ နွားထိုးကြီးမြို့က Light Truck တစီးနဲ့ စစ်ကူဖြည့်ပြီး ရွာအရှေ့ဘက်က ကွမ်းခြံတွေကပတ်ကာ တွေ့တဲ့သူတွေကို ပစ်ခတ်သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

 ဒါ့အပြင် စစ်ကောင်စီတပ်က အဲ့ဒီကျေးရွာက ၁၅နှစ် အရွယ် ကလေးတဦးအပါဝင် စုစုပေါင်း လူငယ်ငါးဦးကို ဖမ်းဆီးကာ ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်ခဲ့ပြီး အဲ့ကျေးရွာထဲမှာပဲ အလောင်းတွေစုပြုံပြီးမြေမြှပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးပြီး ရွာထဲကနေ ဒေသခံသုံးဦးနဲ့ ကွမ်းခြံတဲနားပုန်းနေသူနှစ်ဦး စုုစုပေါင်း ငါးဦးကို အဲဒီကွမ်းခြံတဲရဲ့တောင်ဘက် နားမှာ သတ်ဖြတ်သွားခဲ့တာလို့လည်း အဲဒီတာဝန်ရှိသူက ဆက်ပြောပြပါတယ်။

“ လည်တွေလှီးထားတာတွေရော၊ နောက်ကျောတွေထိုးထားတာတွေရော၊ ပစ်ထားတာတွေရော၊ စုံနေရောပဲ ။ငါးယောက်လုံးသတ်ပြီးတော့ အဲ့နားမှာရှိတဲ့ ကွမ်းခြံထဲထည့်ဖို့လုပ်ထားတဲ့ နွားချေးပုံကို တူးပြီးငါးယောက်လုံးကို ထပ်မြှုပ်သွားတယ်”လို့ သူက ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် မောင်ထက်မြတ်အောင်၊ကိုဂျစ်တူး၊ ကိုရဲဝင်း၊ ကိုကျော်မင်းသန့်နဲ့ မောင်ပြည့်ဖြိုးတို့ဖြစ်တယ်လို့လည်း ပြည်တွင်းသတင်းဌာနတချို့က ဖော်ပြကြပါတယ်။

စစ်ကောင်စီတပ်က အဲဒီလိုအရပ်သားခြောက်ဦးကိုသတ်ဖြတ်မှုနဲ့ပတ်သတ်ပြီး ပျားရွာဒေသခံတချို့ကို DNA က ဆက်သွယ်မေးမြန်းပေမယ့် ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ ထပ်မံသတ်ဖြတ်မှာကို ကြောက်တဲ့အတွက် ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။

 အဲ့ဒီ့ ရွာကိုမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်က စစ်သား ဆယ်ဦးလောက်ဟာ စစ်ကားတစီးနဲ့ မြင်းခြံမြို့ကို ပြန်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားန ှစ် ယောက် သေဆုံးကာ တယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရ ပါတယ်။

 ‘’ အဲ့ကားကိုမိုင်းဆွဲလိုက်တာ တယောက်က ကားပေါ်မှာ ပွဲချင်းပီးသေသွားတယ်။ နောက်တယောက်က မြင်းခြံပြည်သူ့ဆေးရုံကြီးမှာသေတယ် ။အပြင်းအထန်ဒဏ်ရာရတဲ့တယောက်ကတော့ မသေသေးဘူးပေါ့ အခုထိ” လို့ မြင်းခြံကျားသစ်နက် (Myingyan Black Tiger-MBT) က ကိုမိုက်ခဲက DNAကိုပြောပါတယ်။

 စစ်ကောင်စီတပ်သားသေဆုံမှုအခြေအနေကိုတော့ DNAအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

  စစ်ကောင်စီတပ်က ဒီကနေ့မနက် ၄နာရီကျော်လောက်မှာပျားရွာက  ထွက်ခွာသွားပေမယ့် ခြေလျင်စစ်ကြောင်းက နွားထိုးကြီးနယ်ရဲ့ တောင်ဘက်ကုန်းမှာရှိနေသေးတာကြောင့် ဒေသခံတွေအနေနဲ့ မိမိနေအိမ်တွေရှိတွေရှိ ကျေးရွာတွေအတွင်း မဝင်ရောက်နိုင်သေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမြင်းခြံမြို့ဟာ စစ်ကောင်စီတပ်ရဲ့အာဏာသိမ်းတာကို ဆန့်ကျင်မှုအားကောင်းတဲ့ ဒေသဖြစ်ပေမယ့် ပထဝီအနေအထားအရ ပြောက်ကျားစနစ်နဲ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ၈ ရက်မှာ တော်လှန်ရေးအင်အားစုတွေကပျားရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့  စစ်ကောင်စီတပ်ကို တိ်ုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့တဲ့အတွက် လေဖြတ်နေတဲ့ အဖွားအိုတဦးမီးလောင်သေဆုံးပြီး အသက် သုံးဆယ်ဝန်းကျင်လူငယ်တဦးကို သတ်ဖြတ်ခဲ့ ပါတယ်။