သိမ်ဇရပ်ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ လေးဦးသေ

နိုဝင်ဘာ၊ ၈
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိပ်ဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီး ပြန်လည်ပစ်ခတ်မှုကြောင့် ဝေါမြို့နယ်ဘက်ကို ကျရောက်ပေါက်ကွဲလို့ အရပ်သားလေးဦး သေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
 
“ လမ်းထဲကို ကျကွဲတာ၊ လှေဆိပ်နားမှာ သွားလာနေကြတဲ့ ပြည်သူတွေထိတာပေါ့၊ အဲ့မှာ သေတာလည်း ရှိတယ်၊ ဆေးရုံ ပို့ရင်း သေတာလည်း ရှိတယ်၊ နည်းနည်းပါးပါး ထိတာရှိသလို ဒဏ်ရာများတဲ့သူတွေလည်း ပါတယ်ပေါ့ ” လို့ ဝေါမြို့နယ် ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီခန့် ရာအိမ်မှူး အသက် ၆၇ နှစ်အရွယ် ဦးကျော်မြင့်၊ အသက် ၃၅ နှစ်အရွယ် ဦးအောင်ဆန်းဦး၊ အသက် ၃၀ နှစ်အရွယ် ဦးအောင်ကိုနဲ့အသက် ၃၃ နှစ်အရွယ် ဦးကျော်လင်းထွန်းတို့ လေးဦးဟာ ခန္ဓာကိုယ်အနှံ့မှာ ကျည်စထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
 
ဒါ့အပြင် ကိုအောင်သူ၊ ကိုနေလင်းထွန်၊ ကိုဟန်ထွန်းအောင်၊ ကိုဖိုးပိန်၊ ဦးစိုးထွေး အပါအဝင် အရပ်သား ရှစ်ဦးဟာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး အဲဒီထဲက သုံးဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
 
“ အားလုံးက ဆေးရုံမှာ နည်းနည်းထိတဲ့သူတွေက ဒီနေ့ပဲ ဆင်းကုန်ပြီး ပြောတယ်။ သုံးဦးကပဲ ခွဲစိတ်မှုတွေ လုပ်နေတာ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ၃၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်နေချိန် နိုဝင်ဘာလ ၇ ရက်၊ မနက် ၉ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
ထွေအုပ်ရုံး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရပြီးနောက် သိမ်ဇရပ်မြို့ အခြေစိုက် အမြောက်တပ် ၃၁၀ ကနေ ၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့လို့ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ စစ်တောင်းမြစ် တဘက်ကမ်းက လှေဆိပ်နားကို ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ထိခိုက်သေဆုံးကြတာပါ။
 
သိမ်ဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ စစ်ကောင်စီလက်အောက်ခံ တဦး သေဆုံးကာ ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြားပါတယ်။
 
ဒါပေမယ့် အဲဒီတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အခမ်းအနားတက်ရောက်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိတာ ရှိနေပေမယ့် သေဆုံးသူ မရှိဘူးလို့ ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
“ ဒဏ်ရာတော့ ရကြတယ်။ သေတာတော့ မရှိဘူး။ ငါးယောက်လောက် ထိခိုက်သွားကြတယ်။ နှစ်ယောက်က နည်းနည်းများတယ်။ များတယ်ဆိုတာကလည်း သေနိုင်လောက်တဲ့ ဒဏ်ရာတွေတော့ မဟုတ်ဘူး။ ရုံးအဆောက်အဦ နည်းနည်းပျက်စီးတာ ရှိတယ် ” လို့ ပြောပါတယ်။
 
ကျိုက်ထိုမြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ ရဲကင်းစခန်းတွေ၊ စခန်းချတပ် စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအင်အားစုတွေဘက်က မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
 
အဲဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media