ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ပြီလို့ဆို

နိုဝင်ဘာ၊ ၈
 
စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလံဖြူပြ လက်နက်ချလာတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့မနက်က မြို့ကို ထိန်းချုပ်လိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
“ သိမ်းလိုက်တာ ဟုတ်တယ်။ ပြည်သူတွေကိုတော့ ဝင်ခွင့်မပေးသေးဘူး။ ပင်လည်ဘူးကနေ အလံဖြူထောင်လာလို့ သိမ်းလိုက်တယ်ကြားတယ်။ မနေ့ကတည်းက သူတိုက လက်နက်ချလိုက်တဲ့သဘောပေါ့ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်လာတဲ့ အရေအတွက်နဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။
 
NUG ရဲ့ ကာကွယ်ရေးတပ်တွေ သိမ်းဆည်းထားတဲ့ ကောလင်းမြို့ရဲ့ မြောက်ဖက်ရှိ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်း ကတိုက်ခိုက်သိမ်းပိုက်ဖို့ လုပ်ဆောင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီကတည်းက ပင်လည်ဘူးမြို့ကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားသလို မြို့အတွင်း ကျောက်တိုင်ကုန်းမှာ တပ်စွဲပြီး မြို့အဝင်အထွက်ကိုလည်း ပိတ်ပင်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
“ ကျောက်တိုင်ကုန်းမှာ သူတို့က ခြံစည်းရိုး ငါးထပ်နဲ့ အခိုင်အမာဆောက်ပြီး တပ်စွဲထားတာကြာပြီ။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က ခဏခဏ တိုက်တယ်။ လေးငါးရက် မနားဘဲ တိုက်ကြတာပေါ့။ သူတို့ အပြင်ထွက်မရအောင် ဝိုင်းထားတာလည်း ကြာပြီ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ကသာခရိုင်၊ ပင်လယ်ဘူးမြို့ဟာ အရှေ့ဘက်မှာဝန်းသို၊ တောင်ဘက်မှာ ကောလင်းနဲ့ ကျွန်းလှ၊ အနောက်ဘက်မှာ ဖောင်းပြင်နဲ့ မြောက်ဘက်မှာ ဗန်းမောက်မြို့နယ်တွေရှိပြီး ၂၀၁၉ ခုနှစ်စာရင်းအရ မြို့နေလူဦးရေ ၇၅၀၀ နီးပါးနဲ့ ကျေးလက်လူဦးရေ တသိန်းတသောင်းကျော်ရှိပါတယ်။
 
ပြီးခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက ပင်လည်ဘူး ဒေသခံတွေဟာ မြို့ကိုစွန်ခွာပြီး စစ်ဘေးရှောင်နေကြရတာဖြစ်သလို လက်ရှိမြို့ပေါ်မှာလည်း လူဦးရေ ငါးရာ ကျော်လောက်သာ ရှိတော့တယ်လို့ သူကပြောပါတယ်။
 
မြောက်ပိုင်းညီနောင်အဖွဲ့တွေက အောက်တိုဘာလ ၂၇ ရက်မှာ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး ရှမ်းပြည်မြောက်ပိုင်းက ကြူကုတ် (ပန်ဆိုင်း)၊ ချင်းရွှေဟော်၊ မုံးကိုး၊ သိန္နီနဲ့ ဖောင်းဆိုင်မြို့ကို သိမ်းပိုက်ထားပြီး တချို့မြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။
 
အဲဒီ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူနိုဝင်ဘာ ၃ ရက်ကစလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်က တပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေ ဖော်ဆောင်လာတာပါ။
 
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံတပ်တွေနဲ့ မဟာမိတ်တပ်တွေက ဒီလ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၅၄ လက်နဲ့ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကိုင်းတိုင်းအတွင်းက ကောလင်းမြို့အပြင် ခမ်းပတ်မြို့တွေကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)
ပုံစာ – စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ပင်လယ်ဘူးဒေသခံတွေကို တွေ့ရစဉ်။