အီရန် အကျဉ်းထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်

နိုဝင်ဘာ၊ ၈

အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးဟာ အီရန်နိုင်ငံက အကျဉ်းထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။

အသက် ၅၁ နှစ်အရွယ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂီစ် မိုဟာမက်ဒီဟာ နိုဘယ်လ်ဆု ချီးမြှင့်ခံရကြောင်း ကြေညာချက်အပြီး တလအကြာ၊ အီရန် အကျဉ်းထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြမှုကို အစပြုခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

နှလုံးနဲ့ အဆုတ် ကျန်းမာရေးဆိုင်ရာ ကုသမှုတွေ ခံယူဖို့ လိုအပ်နေပေမယ့် သူ့ဆံပင်တွေကို ဖုံးကွယ်ထားဖို့ မိုဟာမက်ဒီက ငြင်းဆန်တဲ့အတွက် ထောင်အာဏာပိုင်တွေက သူ့ကို ဆေးရုံမပို့ခဲ့ဘူးလို့လည်း မိသားစုဝင်တွေက ဆိုပါတယ်။

မိုဟာမက်ဒီဟာ အီရန်မှာ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးအဖြစ် ထင်ရှားပြီး နိုဘယ်လ်ဆု ချီးမြှင့် မခံရခင် ကတည်းက အီရန် အာဏာပိုင်တွေ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်တာ ခံထားခဲ့ရသူပါ။ မိုဟာမက်ဒီရဲ့ ဘဝတလျှောက် ၁၃ ကြိမ် အဖမ်းခံရဖူးပြီး ၅ ကြိမ်မှာ ပြစ်မှုထင်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်ထိ ချမှတ် ခံရဖူးပါတယ်။ သူဟာ ကြိမ်ဒဏ် ၁၅၄ ချက်လည်း ချမှတ်ခံရဖူးပေမယ့် အဲဒီပြစ်ဒဏ်ကို လက်တွေ့ စီရင်မှု ရှိမရှိ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

မိုဟာမက်ဒီဟာ သူ့ရဲ့ ဆေးကုသခွင့် ငြင်းဆိုခံရခြင်းနဲ့ တခြား အခွင့်အရေးတွေ မျက်ကွယ်ပြု ခံနေရတာတွေကို မကျေနပ်တာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ နော်ဝေးနိုင်ငံရဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီကတော့ မိုဟာမက်ဒီရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ကြေညာခဲ့ပါတယ်။

အမျိုးသမီး အကျဉ်းသူ တယောက် ဆေးရုံတက်ဖို့ လိုနေတာကို ခေါင်းဆောင်းအဝတ် မခြုံတာကြောင့် ငြင်းဆန်တယ် ဆိုတာက လူမဆန်လွန်းရာ ကျတယ်လို့ ကော်မတီရဲ့ ဥက္ကဋ္ဌ အမျိုးသမီး ဘီရစ် ရိုင်းစ် အန်ဒါဆန်က ဝေဖန်ခဲ့ပါတယ်။

အီရန်မှာ မနှစ်က စက်တင်ဘာလတုန်းက ခေါင်းမြီးခြုံ အဝတ်ကို စနစ်တကျ မခြုံမိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာသာရေး ရဲတွေက ဖမ်းဆီး ရိုက်နှက်တာ ခံခဲ့ရတဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း အစိုးရ ဆန့်ကျင်ရေး အုံကြွမှုကြီး အင်နဲ့အားနဲ့ ဖြစ်ပေါ်ခဲ့သလို ဘာသာရေး အခြေပြု အုပ်စိုးတဲ့ အစိုးရအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုတွေနဲ့ပါ ကြုံတွေ့စေခဲ့ပါတယ်။

 

Ref: EPA