ချောင်းဦးတိုက်ပွဲပြီးနောက် ထွက်ပြေးသွားတဲ့ ပျူစောထီးနှစ်ဦး ဖမ်းဆီးရမိ

နိုဝင်ဘာ၊ ၇
 
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ ပျူစောထီးနှစ်ဦးကို ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေက မန္တလေး-မုံရွာ ကားလမ်းပေါ်က မြပုလဲစက်သုံးဆီဆိုင်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ရာမှာ ပျူစောထီးခြောက်ဦးဟာ နီးစပ်ရာ တောထဲ ထွက်ပြေးသွားခဲ့ပေမယ့် အဲဒီနေ့ညနေပိုင်းမှာပဲ ဖမ်းဆီးရမိတာပါ။
 
“ ကျွန်တော်တို့ အဲ့ဂိတ်ကို ဝင်တိုက်တဲ့ချိန်မှာ အချို့ပျူစောထီးတွေ တောထဲ ထွက်ပြေးတာကို ကျွန်တော်တို့မြင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ လက်ရဖမ်းဆီးနိုင်ဖို့အတွက် အဖွဲ့သုံးဖွဲ့ခွဲပြီး တောနင်းရှာဖွေတာ စိုက်ခင်းတခုကြားမှာ ပုန်းခိုနေတဲ့ အဲ့ပျူနှစ်ယောက်တွေ့တယ် “ လို့ Area 71 People Defense Force ပြန်ကြားရေး တာဝန်ခံ ကိုTheo ကပြောပါတယ်။
 
အဲဒီ ပျူစောထီးနှစ်ဦးကို ကာဘိုင်သေနတ်နှစ်လက်နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ထံကို အဲဒီနေ့ထဲက လွှဲပြောင်းပေးအပ်လိုက်ပြီလို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူ ပျူစောထီးနှစ်ဦးမှာ ဘုန်းကြီးဦးဝါသဝ ဦးဆောင်တဲ့ ကန့်ဘလူနယ်က ဖြစ်ပြီး ပိုက်ဆံမပေးနိုင်လို့ ပျူစောထီးထဲ ဝင်ခဲ့ရတာဖြစ်သလို မုံရွာမြို့နယ်ကို ပို့ဆောင်ထားခံရတာ လေးလရှိပြီလို့လည်း ဖမ်းဆီးခံထားရတဲ့ ပျူစောထီးတဦးက PDF နဲ့ ရုပ်သံမေးမြန်းရာမှာ ဆိုပါတယ်။
 
” ထွက်ပြေးသွားတာ ခြောက်ယောက် ကျွန်တော်တို့ လူစုကွဲသွားတာ။ ကျွန်တော်တို့ အစောကတည်းက သံတခါးကြီး ကန်ပြီး ထွက်ပြေးလာတာ။ တချက်မှ ကျွန်တော်တို့ မပစ်ခဲ့ဘူး။ သေနတ်သာယူပြီး ပြေးလာတာ ” လို့ ပြောပါတယ်။
 
အဲဒီစစ်ကောင်စီဂိတ်မှာ ပျူစောထီး နှစ်ဆယ်၊ ရဲ ငါးဦးနဲ့ စစ်သား သုံးဦး စခန်းထိုင်တယ်လို့လည်း ဆိုပါတယ်။
 
တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလောင်း ၁၄ လောင်းနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိပြီး PDF ခြောက်ဦး ကျဆုံးတယ်လို့ ချောင်းဦး (ပကဖ)အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးရမိထားတဲ့ ပျူစောထီးနှစ်ဦးကိုလည်း စစ်သုံ့ပန်းဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကိုTheo ကပြောထားပါတယ်။
 
လက်ရှိမှာတော့ ချောင်းဦးမြို့နယ် နဲ့ မုံရွာမြို့နယ် အစပ်မှာ စစ်ကောင်စီ စစ်ကြောင်း ရောက်ရှိနေတာကြောင့် အနီးအနားက ဒေသခံတွေ သုံးရက်ဆက်တိုက် စစ်ဘေးရှောင်နေရပါတယ်။
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်လို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ငါးဦးကိုလည်း ၅ ရက်နေ့က ပြန်လည်ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
 
ဓာတ်ပုံ – Area 71 PDF