နိုဝင်ဘာ၊ ၇
မြန်မာနိုင်ငံတဝှမ်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်းရာသီဝင်တော့မယ့် လက်ရှိကာလမှာ အကူအညီတွေ ပိုလိုအပ်လာတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ရာသီအကူးအပြောင်းကာလမှာ ကျန်းမာရေးပြဿနာတွေ ပိုကြုံရတာ၊ ဆောင်းတွင်းမှာ အအေးဒဏ်ခံကြရမှာနဲ့ ပွင့်လင်းရာသီမှာ နှစ်ဖက်တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့ အခြေအနေတွေကြောင့် ဆေးဝါး၊ ရိက္ခာနဲ့ အနွေးထည် စတာတွေ ကြိုတင်စုဆောင်းထားနိုင်ဖို့ ပြင်ဆင်နေရတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေက ပြောပါတယ်။
” ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တော်တော်လိုအပ်တာ ရှိတယ်၊ မိုးအကုန် ဆောင်းအကူးကာလတွေမှာဆို ရာသီတုပ်ကွေး ဖြစ်တာတွေ တွေ့ရများတယ်၊ ကျွန်တော်တို့မှာ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ဆေး တွေလိုမျိုး၊ ပြီးရင် လိုအပ်တဲ့ တခြားဆေးဝါးတွေ ကြိုတင်စုဆောင်းထားဖို့ လိုနေတာပေါ့ ” လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုယောနသံက DNA ကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ သယ်ယူဖို့နဲ့ အမိုးအကာ၊ စောင်၊ အနွေးထည်လိုအပ်ချက် စတဲ့အခက်အခဲတွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် အထိ အချက်အလက်တွေအရ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ နှစ်သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်ကစတင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ၊ အဲဒီစစ်ဆင်ရေးနဲ့တပြိုင်တည်း ဆင်နွှဲနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေကြောင့်လည်း လတ်တလောကာလအတွင်း စစ်ရှောင်ဦးရေ သိန်းဂဏန်းလောက်အထိ ထပ်တိုးလာနိုင်ဖွယ် ရှိပါတယ်။
“ စစ်ဘေးရှောင်စခန်း နောက်ထပ်အသစ်ဖွင့်ဖို့တောင် ကျွန်တော်တို့ ပြင်နေရတယ်ဗျ၊ ရိက္ခာတွေ ကြိုတင်စုဆောင်းထားဖို့လည်း ကျွန်တော်တို့ ပြင်ဆင်နေတယ်၊ အဓိကကတော့ ဘဏ္ဍာငွေ လိုအပ်တာပေါ့ ” လို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသားတဦးက ပြောပါတယ်။
စပါးတွေ ပေါ်နေချိန် ဆန်တွေ ဝယ်လို့ရနေပြီဖြစ်တဲ့ အခုလိုကာလမှာ ကြိုတင်ဝယ်ယူ စုဆောင်းထားမှသာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာချိန် ထပ်တိုးလာမယ့် စစ်ရှောင်တွေအတွက် ရိက္ခာအဆင်ပြေနိုင်မယ်လို့ သူကပြောပါတယ်။
ကရင်နီ (ကယား)ပြည်နယ်ထဲက စစ်ရှောင်အရေး ကူညီပေးနေသူတွေကတော့ ဆောင်းရာသီရောက်ချိန် ကျန်းမာရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ဆေးဝါးတွေ ပိုလိုအပ်နေပေမယ့် စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ဆေးဝါးသယ်ယူမှုအပိုင်းမှာ ပိုခက်ခဲလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေကြား လချီကြာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ကရင်နီဒေသအတွင်းကို ဆေးဝါးတွေသယ်ယူခွင့်မရအောင် စစ်ကောင်စီဘက်က ပိတ်ဆို့ထားတာကြောင့် လက်ရှိမှာလည်း လိုအပ်တဲ့နေရာတွေဆီ မရောက်လာဘဲ ပိတ်မိနေတဲ့ ဆေးပစ္စည်းတွေ အများအပြား ရှိနေတယ်လို့ ကရင်နီ ဧည့်သည် ဆေးခန်းတာဝန်ခံ ကိုနွေဦးမာန်က ပြောပါတယ်။
“ ကရင်နီဘက်ကို ဆေးလမ်းကြောင်းတွေ လုံးဝအဝင်မခံတော့တဲ့ အနေအထားပေါ့နော် ရန်သူဘက်က။ အရင်တုန်းကဆိုရင် သွေးတိုးကျဆေးတို့ ဆီးချိုဆေးတို့ဆိုရင် တလစာ ပေးနိုင်တဲ့ အနေအထားမျိုးရှိတယ်၊ အခုဆိုရင် ဆယ်ရက်စာ၊ တပတ်စာ အဲ့လောက်ပဲ ပေးနိုင်တော့တာ ” လို့ သူကပြောပါတယ်။
တဖက်မှာတော့ အခုလို အကူအညီတွေ ပိုလိုအပ်လာနေပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခက်အခဲမျိုးစုံကို သုံးနှစ်နီးပါး ရင်ဆိုင်လာနေကြရတဲ့ ပြည်သူတွေအနေနဲ့ စစ်ရှောင်တွေအတွက် ပါဝင်ကူညီပေးနိုင်မှုအပိုင်းမှာ အားနည်းလာမှာကိုလည်း စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂလက်အောက်ခံ အကူအညီပေးရေးအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက် လုပ်ကိုင်တာမျိုး မရှိဘဲ စစ်ကောင်စီနဲ့ပဲ ချိတ်ဆက်နေတာကလည်း အကူအညီလိုအပ်နေသူတွေဆီ အကူအညီတွေရောက်ဖို့ အဟန့်အတား ဖြစ်စေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ယူဆကြပါတယ်။
ဓာတ်ပုံ – စစ်ရှောင်ကူညီရေးအဖွဲ့များ