လေထုညစ်ညမ်းမှုတွေကြောင့် နယူးဒေလီမှာ စက်တပ်ယာဉ် အသုံးပြုမှုကို ကန့်သတ်ဖို့ စီစဉ်

နိုဝင်ဘာ၊ ၇

လေထုညစ်ညမ်းမှုတွေ ဆိုးရွားနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ စက်တပ်ယာဉ် အသုံးပြုမှုတွေကို ကန့်သတ် လျှော့ချသွားစေမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀ ရက်ထိ သီတင်းတပတ်ကြာ ကာလအတွင်း နယူးဒေလီမှာ စက်တပ်ယာဉ်တွေဖြစ်တဲ့ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ အသုံးပြုမှုကို ထိထိရောက်ရောက် ကန့်သတ်သွားမယ်လို့ မြို့တော် အုပ်ချုပ်ရေး အဖွဲ့ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နယူးဒေလီရဲ့ လေထု အရည်အသွေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ အန္တရာယ် ရှိလောက်တဲ့ အဆင့်ထိ ဆိုးဆိုးရွားရွား ကျဆင်းနေပြီး မီးခိုးမြူတွေ ရောစပ်ထားတာကြောင့် မှုန်မှိုင်းနေပါတယ်။ အခုသီတင်းပတ်ကစလို့ နယူးဒေလီ ပညာရေး ဌာနက မူလတန်း ကျောင်းအားလုံးကို ပိတ်ဖို့ ညွှန်ကြားထားပြီး အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေကိုလည်း အတတ်နိုင်ဆုံး ကျောင်းမဖွင့်ဘဲ အွန်လိုင်းကနေ ချိတ်ဆက် သင်ကြားကြစေဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ဟိန္ဒူရိုးရာ ဒေပဝါလီ ပွဲတော်ကလည်း နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပမှာဖြစ်ပြီး မီးရှူးမီးပန်း ပစ်ဖောက်မှုတွေကို တားမြစ်ထားတဲ့တိုင် အဲဒီပွဲတော်ပြီးရင် လေထု ညစ်ညမ်းမှု ပိုဆိုးလာနိုင်တယ်လို့ နယူးဒေလီ အာဏာပိုင်တွေက ဝန်ခံထားပါတယ်။

လေထုညစ်ညမ်းမှု လျှော့ချရေး အစီအမံ တရပ်အနေနဲ့ နိုဝင်ဘာ ၁၃ ရက်ကစလို့ လမ်းတွေပေါ်မှာ ကားနဲ့ ဆိုင်ကယ်တွေ အသုံးပြုမှုကို လိုင်စင် နံပါတ်ပြားအလိုက် စုံဂဏန်း၊ မဂဏန်း တနေ့စီ ခွဲပြီး ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် နေ့စဉ် ယာဉ်အသုံးပြုမှုကို ထက်ဝက်လောက် လျှော့ချဖို့ ကြိုးစားလာတဲ့ အဓိပ္ပါယ်ပါပဲ။

အိန္ဒိယဟာ လောလောဆယ် ခရစ်ကက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေပြီး နိုဝင်ဘာ ၇ ရက်မှာ စီစဉ်ထားတဲ့ သီရိလင်္ကာ-ဘင်္ဂလားဒေ့ရှ် ပွဲစဉ်ကို လျာထားချက်အတိုင်း ရှေ့ဆက်မှာ ဖြစ်ပေမယ့် ကစားသမားတွေရဲ့ နားနေခန်းထဲမှာ လေသန့်စက်တွေ တပ်ဆင်ဖို့၊ လေထုထဲက အမှုန်အမွှားတွေ လျော့ကျအောင် ရေပန်းစနစ်တွေ တပ်ဆင်ဖို့ ကြိုတင် စီစဉ်ထားပါတယ်။

အိန္ဒိယမှာ အောက်တိုဘာလနဲ့ နိုဝင်ဘာလကျရင် နယူးဒေလီ တဝိုက် ပြည်နယ်တွေမှာ စိုက်ပျိုးရာသီသစ်အတွက် လယ်ကွင်းတွေမှာ ရိုးပြတ်တွေကို မီးရှို့လေ့ ရှိတာကြောင့် ကာဗွန် အဆိပ်အတောက် ဓာတ်ငွေ့ပါတဲ့ မီးခိုးတွေ အလုံးအရင်း ထွက်ပေါ်လေ့ ရှိပါတယ်။ ဒါ့အပြင် ရာသီဥတု အပူချိန်ကလည်း နိမ့်ကျလာတဲ့အတွက် နယူးဒေလီမှာ မီးခိုးမြူတွေ နှစ်စဉ် ဖြစ်ပေါ်ပြီး လေထုညစ်ညမ်းသွားကြောင်း သိရပါတယ်။

 

Ref: Reuters