ကောလင်းမှာ အရပ်သားသေဆုံးမှု ဆယ်ဦးခန့်ရှိ၊ စားသောက်ကုန်၊ ဆေးဝါးနဲ့ ခြုံစောင်တွေ လိုအပ်

နိုဝင်ဘာ၊ ၇
 
တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတဲ့ ကောလင်းမြို့နယ်မှာ အရပ်သားသေဆုံးမှု ဆယ်ဦးခန့်ရှိပြီး သေဆုံးသူစာရင်းကို အချိန်တိုအတွင်း ထုတ်ပြန်နိုင်ဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)က ဆောင်ရွက်နေတယ်လို့ Kawlin Revolution(KR) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရ လက်အောက်ခံတပ်တွေနဲ့ မဟာမိတ်တပ်တွေက နိုဝင်ဘာလ ၆ ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၅၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
 
ကောလင်းမြို့မှာ စစ်ရှောင်အင်အား ငါးသောင်းခန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထိန်းသိမ်းစောင့်ရှောက်နေရပြီး ဆက်သွယ်ရေး လမ်းပိတ်ဆို့မှုကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ခြုံစောင်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ KR က ထုတ်ပြန်ပါတယ်။
 
ဒါပေမယ့် လက်ရှိအခြေအနေမှာ လေကြောင်းအန္တရာယ်ကြောင့် မြို့နေပြည်သူတွေကို မြို့တွင်းပြန်လည်နေထိုင်ခွင့် မပေးသေးဘဲ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)တွေက စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
 
မြို့တွင်းက အရပ်သားအားလုံးနီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ ဟောင်ဝှစ်ဇာအမြှောက်၊ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ အတွင်း ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ချင်းရွှေဟော်နဲ့ သိန္နီ စတဲ့မြို့တွေကို သိမ်းပိုက်ထားပြီး စစ်ကောင်စီကတော့ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ ချင်းရွှေဟော်မြို့တွေ လက်လွှတ်လိုက်ရတယ်လို့ ဝန်ခံထားပါတယ်။
 
ဓာတ်ပုံ – KR
ပုံစာ – တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ရဲ့ နိုဝင်ဘာလ ၆ ရက် မနေ့က မြင်ကွင်းတွေကို တွေ့ရစဉ်။