ကွမ်းလုံနဲ့ နမ့်ခမ်းမြို့တွင်း စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ ညီနောင်မဟာမိတ်တပ် တွေပြော

နိုဝင်ဘာ၊ ၆

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့လေးခုကို သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ညီနောင်သုံး ဖွဲ့ဟာ ကွမ်းလုံနဲ့ နမ့်ခမ်းမြို့တို့အတွင်းက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးယန္တရားတွေ အကုန်လုံး ကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ မဟာမိတ်တပ်တာဝန်ရှိသူတွေက DNA ကို အတည်ပြုပြောဆိုကြပါတယ်။

“သံလွင်မြစ်ရဲ့ မြောက်ဘက်ခြမ်း၊ ကွမ်းလုံမြို့ရှိတဲ့နေရာတွေကိုတော့ ကျွန်တော်တို့တပ်မတော်အနေနဲ့ ထိန်းချုပ် ထားနိုင်ပြီ”လို့ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့(MNDAA)ပြောရေးဆိုခွင့်ရှိသူ လီကျာ၀င်းက ပြောပါ တယ်။

သံလွင်မြစ်ရဲ့ မြောက်ဘက်ခြမ်းက ကွမ်းလုံမြို့တဝိုက်မှာ စစ်ကောင်စီတပ်စခန်းတချို့နဲ့ စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာရုံးတွေ ဖွင့်ထားကာ မြစ်တောင်ဘက်ခြမ်းမှာတော့ စစ်ကောင်စီတပ်စခန်း အများ အပြား ရှိနေတယ်လို့သူကဆိုပါတယ်။

“မြောက်ဘက်ခြမ်းမှာရှိတဲ့ တပ်စခန်းတွေ၊ အုပ်ချုပ်ရေးယန္တရားတွေအားလုံးကို ကျွန်တော်တို့က ရှင်းလိုက်ပြီ၊ အုပ် ချုပ်ရေးဌာနတွေပေ့ါနော်၊တောင်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတွေနဲ့တော့ ဒီနေ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ် နေတယ်၊ မြို့ကိုတော့ ထိန်းထားနိုင်တယ်”လို့ လီကျာဝင်းက ဆက်ပြောပါတယ်။

ထို့အတူပဲ တအာင်းတပ်ဖွဲ့(TNLA)ကလည်း  နမ်းခမ်းမြို့တွင်းရှိ စစ်ကောင်စီရဲစခန်း၊ တပ်စခန်းတွေနဲ့ ဌာနဆိုင် ရာ ရုံးတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် မြို့တွင်းမှာ စစ်ကောင်စီလက်အောက်ခံ စခန်းတွေ တခုမှ မရှိတော့ဘူးလို့ DNA ကို အတည်ပြုပြောဆိုပါတယ်။

“(မြို့တွင်း)တပ်စခန်းတွေ ဝင်ရောက်သိမ်းနိုင်တဲ့အနေအထားပေ့ါနော်၊နမ့်ခမ်းမြို့ပြင် (မြို့အဝင်)မှာ စခန်းတခုပဲ ကျန်ပါတော့တယ်”လို့ TNLA ပြန်ကြားရေးဌာနကတာဝန်ရှိတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့တော်လှန်ရေးမဟာမိတ်တပ်တွေဟာ အောက်တိုဘာ ၂၇ ရက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်း ရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်းနဲ့ သိန္နီမြို့တို့ကို သိမ်း ပိုက်ကာ အပြည့်အ၀ထိန်းချုပ်ထားနိုင်သလို ကွမ်းလုံနဲ့ နမ့်ခမ်းမြို့တွေကိုပါ အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ တာလို့ဆိုပါတယ်။

“အော်ပရေးရှင်းတွေကတော့ ဆက်လက်ဖော်ဆောင်နေရအုံးမယ်”လို့ လီကျာဝင်းက ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ အဲဒီလို မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အားလုံးနီးပါးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို လည်း ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

MNDAA အနေနဲ့ ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကော်စီတပ် သားနဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေ လက်နက်စွန့် ထွက်ပြေးသွားကြတယ်လို့ ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် TNLA အနေနဲ့လည်း နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေး ၁၁ ရက်တာကာလအတွင်း မဟာမိတ်တပ်တွေကစစ်ကောင်စီလက် အောက်ခံ တပ်စခန်း ၁၅၀ နီးပါးကို သိမ်းယူထားပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။