နိုဝင်ဘာ၊ ၅
ရှမ်းမြောက်ဒေသ လောက်ကိုင်မြို့အရှေ့ဘက်ရှိ မြန်မာ-တရုတ် နယ်ခြားမိုင်တိုင် ၁၂၅ အနီးမှာ စစ်ဘေးရှောင်စခန်းတခု ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်မှာ စစ်ဆင်ရေး ၂၀၁၇ စတင်ပြီးနောက် ရှမ်းမြောက်ပိုင်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ တရုတ်နိုင်ငံ၊ ဝပြည်နယ်နဲ့ တခြားနီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေရတာပါ။
အဲဒီစစ်ရှောင်စခန်းမှာ စစ်ရှောင်ပေါင်း ၁၂, ၀၀၀ ကျော်ကို ကူညီစောင့်ရှောက်လျက်ရှိပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ပံ့ပိုးကူညီမှု၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ပံ့မှု၊ လူမှုအဖွဲ့အစည်းတွေရဲ့ လှူဒါန်းမှုနဲ့ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၃၀ ရက်ကတည်းက သန့်ရှင်းရေးပြုလုပ်တာ၊ ရေမြောင်းဖော်တာနဲ့ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေပြီး လက်ရှိမှာ ကိုးကန့်ဒေသ ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာ့ဝန်ထမ်း ၁၇၀ ခန့်က ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေအတွက် အမိုးအကာအဖြစ်သုံးဖို့ ရွက်ဖျင်တဲနဲ့ မိုးကာစတဲ့ အသုံးအဆောင်တွေ ဆိုးရွာစွာ ပြတ်လပ်နေတဲ့အပြင် စားနပ်ရိက္ခာ၊ တခြားအသုံးအဆောင်တွေနဲ့ ပိုးသတ်ဖို့ ပစ္စည်းတွေပါ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA – Myanmar ကတော့ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂၃,၀၀၀ ကျော် ထပ်တိုးလာပြီး စုစုပေါင်း ၃၇,၄၀၀ ကျော် အထိ ရှိလာတယ်လို့ နိုဝင်ဘာလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်ဒေသ မြို့နယ် ၂၂ ခုအနက် မြို့နယ်ကိုးခုလောက်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဒုက္ခသည် အရေအတွက် ထပ်တိုးနေသလို လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။
UNOCHA ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒဿမ ၇ သန်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Kokang News