ပဲခူးရိုးမအတွင်း မီးသွေးလာသယ်တဲ့ ပျူစောထီး ဆိုသူတဦး ပစ်ခတ်ခံရလို့ သေဆုံးပြန်

နိုဝင်ဘာ၊ ၅

 ပဲခူးတိုင်း၊မင်းလှမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းရိုးမဖြတ်ကျော်လမ်း မိုင်တိုင် (၄၇) အနီးမှာ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့  ပူးပေါင်းပြီး ရိုးမအတွင်း မီးသွေးလာသယ်တဲ့ ပျူစောထီး ဆိုသူတဦးကိုဒီလ ၃ ရက်မှာ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

 “ သူက ကားနဲ့စကစကို အကြိုအပို့ လုပ်ပေးတယ်။အဲ့ဒါကြောင့် စကစ ထောက်တိုင်အဖြစ် သတ်မှတ်ပြီး သူလာတာ စောင့်နေတာ။အဲ့ချိန်သူက ကားကိုလမ်းဘေးချရပ်ပြီး သူတဲထဲဝင်ချိန်  သေနတ်နဲ့ခုနှစ်ချက်ပစ်ခဲ့တာ ။ကားကိုလည်း မီးရှို့ခဲ့တယ် “လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ (၅) တာဝန်ရှိသူက ဆိုပါတယ်။

 သေဆုံးခဲ့သူဟာ ပျူစောထီးဆိုသူ အခြောက်မ(ခ)ကို စံညိုဖြစ်ပြီး ပဲခူးရိုးမထဲ မီးသွေးလာသယ်ရင်း အခုလို သေနတ်နဲ့ပစ်ခံခဲ့ရလို့ နေရာမှာတင် သေဆုံးခဲ့ကာ သူစီးလာတဲ့ ဖောကားကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းကလည်း စိန့်ကန့်လန့်-မြို့ချောင်း ပဲခူးရိုးမအတွင်း မီးသွေးလာသယ်တဲ့ ဖောကား တစီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့သလို ယာဉ်ပေါ်ပါလာတဲ့ ပျူစောထီးဆိုသူ နှစ်ဦးကိုပစ်ခတ်ခဲ့လို့သေဆုံးအပြီး လေးလခန့်အကြာမှာ အခုလိုထပ်ဖြစ်ပွားတာပါ။

 အခုဖြစ်ရပ်မှာ သေဆုံးသူ အခြောက်မ(ခ)ကိုစံညိုဟာ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်ရဲ့ လက်ရင်းတပည့်ဖြစ်သလို စစ်ကောင်စီတပ်သားတွေ ရိုးမပေါ်သွားလာ‌ရေး အတွက် အကြိုအပို့ လုပ်ပေးတယ်လို့အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတွေကို ရိုးမအတွင်း လိုက်လံရှာဖွေရာမှာ လိုက်လံပြသတာတွေလုပ်သလို အရပ်သားတွေကိုလည်း စစ်ကောင်စီနဲ့ပေါင်းပြီး  ဖမ်းဆီးခိုင်းတာတွေလုပ်တာကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့လည်းပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြောဆိုချက်နဲ့ပတ်သတ်ပြီး DNAက သီးခြားအတည်မပြုနိုင်သေးပါဘူး။

 သေဆုံးသူထံမှ မိုလ်ဘိုင်းဖုန်း သုံးလုံး၊ ငွေသား ၅၅၆,၀၀၀ ကျပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရုပ်အလောင်းကို တော့ စစ်ကောင်စီက မနေ့က မနက်ပိုင်းမှာ စစ်ကာားနှစ်စီးနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ အထိ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလက်ချက်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူတွေအပါအဝင် လူပေါင်း ၆,၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို မတိုက်ခိုက်ဖို့၊ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာဖို့ မကြာခဏသတိပေးတာရှိပါတယ်။

Photo – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပျခှဲ ၅