ဘီးလင်းမှာ ရဲတပ်သားတဦးပစ်ခတ်ခံရပြီးသေဆုံး

နိုဝင်ဘာ၊ ၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းကကျေးရွာက အရက်ဆိုင်မှာ အရက်သောက်နေတဲ့ ရဲတပ်သားတဦး ဒီကနေ့ မနက် ၁၁နာရီလောက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။

“တယောက်တည်းပဲ ထိုင်သောက်နေတာ၊ လူငယ်နှစ်ယောက်ပဲ ဝင်ပြီး ပစ်သွားတာ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

သေဆုံးသူဟာ ဘီးလင်းမြို့နယ် ဝင်းကနယ်မြေရဲစခန်းက ရဲတပ်သား ဇော်နိုင်ဝင်းဆိုသူဖြစ်ပြီး ဝင်းကကျေးရွာ အဝေးပြေးကာလမ်းဘေးက “ဦးပေါင်တို” အရက်ဆိုင်မှာ ပစ်ခတ်ခံရတာပါ။

သေနတ်နဲ့ပစ်ခံရမှုကြောင့် ရဲတပ်သား ဇော်နိုင်ဝင်းရဲ့ လည်ပင်း၊ ပေါင်၊ တံတောင်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ လေးချက် ရရှိခဲ့ပြီး အခင်းဖြစ်ရပ်နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိသေးသလို တော်လှန်ရေးအင်အားစုတွေဘက်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။

ရဲတပ်သား ဇော်နိုင်ဝင်းဟာ လွန်ခဲ့တဲ့ ငါးလလောက်ကမှ ဘီးလင်းမြို့မရဲစခန်းကနေ ဝင်းကနယ်မြေရဲစခန်းကို ပြောင်းရွေ့လာသူဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး လမ်းသွားလမ်းလာပြည်သူတချို့ကို ရှာဖွေ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ခဲ့သလို လူငယ်တချို့ကိုဖမ်းဆီးသွားတာလည်း ရှိတယ်လို့ ဒေသခံတချို့ကပြောပေမယ့်DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၂၅ ဦး၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နိုင်ငံရေး ပါတီဝင်တွေအပါအဝင် ၆၆၀၀ ကျော်ပစ်ခတ်သတ်ဖြတ်ခံထားရတယ်လို့ အခုနှစ် အောက်တိုဘာလအတွင်း စစ်ကောင်စီက ထုတ်ပြောထားပါတယ်။