အီရန် မူးယစ်ဆေးဖြတ် စင်တာ မီးလောင်မှု လူ သုံးဆယ်ကျော် သေဆုံး

နို၀င်ဘာ ၊ ၄

အီရန်နိုင်ငံ မြောက်ပိုင်းက မူးယစ်ဆေးဖြတ် ပြန်လည် ထူထောင်ရေး စင်တာတခုမှာ မီးလောင်မှု ဖြစ်ပွားပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကက်စ်ပီယန် ပင်လယ်နဲ့ ထိစပ်နေရာ ဂီလန်ပြည်နယ်ထဲက လန်ဂါရူဒ်မြို့မှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက အပြင်းအထန် မီးလောင်မှုတခု ဖြစ်ခဲ့တာပါ။ မီးလောင်မှုကြောင့် စင်တာမှာ ရှိနေသူ ၃၂ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၁၆ ဦး ဆေးရုံ တက်ခဲ့ရတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ အက်စ်မေးလ် ဆာဒီဂီက ပြောပါတယ်။

အီရန်ဟာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ တရားမဝင် ရောင်းဝယ်သူတွေကို သေဒဏ်စီရင် ချမှတ်လေ့ ရှိပေမယ့် သုံးစွဲသူတွေအတွက် မူးယစ်ဆေးဖြတ် စင်တာတွေကိုတော့ နိုင်ငံအနှံ့မှာ ဖွင့်လှစ်ပေးထားပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ လန်ဂါရူဒ်မြို့ရဲ့ မူးယစ်ဆေးဖြတ် စင်တာ မီးလောင်မှုဟာ အပူပေး ကိရိယာတခု ဝါယာရှော့ ဖြစ်ရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့ဟာ စင်တာရဲ့ ဦးစီး အရာရှိနဲ့ ပေါ့လျော့မှုအတွက် တာဝန်ရှိတယ်လို့ ယူဆရတဲ့ ဝန်ထမ်းတချို့ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ 

စင်တာဟာ မူးယစ်ဆေးဖြတ်သူ ၄၀ လောက် အတွက်သာ ဝင်ဆံ့အောင် တည်ဆောက်ထားပေမယ့် အဲဒီနေရာမှာ လူတွေ ရှိသင့်တာထက် များနေခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

မီးလောင်မှုအပြီး မှတ်တမ်း ဓာတ်ပုံတွေအရ စင်တာရဲ့ အမိုးက မီးကျွမ်း ပျက်စီးနေပြီး ပြတင်းပေါက် မှန်တွေကလည်း ကွဲကျေနေတာကို တွေ့ရပါတယ်။

အီရန်ဟာ ကမ္ဘာပေါ်မှာ ဘိန်းဖြူ သုံးစွဲနှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တခုအဖြစ် ရပ်တည်နေပါတယ်။ အထူးသဖြင့် ဒေသတွင်း အာဖဂန် နစ္စတန်ကနေ မှောင်ခို ဝင်ရောက်လာတဲ့ ဘိန်းဖြူတွေက ပြည်တွင်း မြေအောက် စျေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတယ်လို့ သိရပါတယ်။