မြိုင်က စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

နိုဝင်ဘာ၊ ၃
 
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ကန်နီရွာက တပ်စခန်းကို နိုဝင်ဘာလ ၂ ရက်၊ မနက်ပိုင်းအချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG ထံမှ သိရပါတယ်။
 
အင်အား တရာကျော်ဝန်းကျင်ခန့်ရှိပြီး စက်လက်နက်တပ်ဆင် အထိုင်ချတပ်စွဲထားတဲ့ မျှော်စင်ဘန်ကာ တပ်စခန်းကို မနက် ၅ နာရီဝန်းကျင်ချိန်ခန့်မှာ စစ်ကြောင်း သုံးကြောင်းခွဲကာ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
” တိကျတဲ့ သတင်းပေးမှုကြောင့်လို့ပဲ သိထားပေးပါဗျ။ ကျန်တာကိုတော့ ထုတ်ပြန်ခွင့်ပိတ်ထားပါတယ်ခင်ဗျ ” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG တာဝန်ခံ ရဲဘော်ပေါင်မုန့်က ပြောပါတယ်။
 
အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးမဟာမိတ်တပ်တွေက RPG ၊ ၄၀ မမ ၊ ၆၀ မမ ဗုံးသီးတို့နဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီခွဲ ဝန်းကျင်အကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီး စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ပျူစောထီနှစ်ဦး ဖမ်းဆီးထားပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သုံးဦးဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကို DNA က သီးခြား အတည်မပြုနိုင်သေးပါဘူး ။
 
အဲဒီတိုက်ခိုက်မှုကို ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ ၊ King Cobra၊ ဒေါင်းစစ်သည်၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG၊ နဂါးနီအထူးတိုက်ခိုက်ရေးအဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပျူစောထီးအဖွဲ့ အနေနဲ့ စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်တာတွေ မရှိဘဲ အထိုင်ချစခန်းတွေမှာသာ တပ်စွဲနေပြီး ရိက္ခာ ပြတ်လပ်တဲ့အချိန်မှသာ စစ်ကူတောင်းပြီး ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG