ကောလင်းမြို့ တိုက်ခိုက်ခံနေရလို့ စစ်တပ်က လေကြောင်းပစ်ကူပေး

နိုဝင်ဘာ ၊ ၃
 
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းကစတင်ပြီး တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်နေသလို စစ်တပ်ကလည်း မြို့အတွင်းထိပါ လေယာဉ်နဲ့ ဗုံးကြဲ ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ အဓိက တိုက်ပွဲတွေဖြစ်နေတာက ထွေအုပ်ရုံးနဲ့ ရဲစခန်းမှာပါ။ ဆေးရုံနားနဲ့ ပန်းခြံနား (စကစ စစ်ဆေးရေးဂိတ်) မှာလည်း ဖြစ်နေတယ်။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ နားနားပြီး လာပစ်နေတာဆိုတော့ နည်းနည်းတော့ ခက်နေတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
မြို့တွင်း တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေတာတွေ ရှိသလို တချို့ကလည်း အိမ်ထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
“ လေယာဉ်နဲ့ မြို့ထဲပစ်တာ ဆိုးတာပဲဗျ။ ပိတ်မိနေတဲ့သူတွေလည်း အများကြီးပဲ။ ကိုယ့်အိမ်ထဲ ကိုယ်နေပြီး ပုန်းနေရတယ်။ ဘယ်မှလည်း သိပ်မထွက်ရဲကြဘူး ” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်လာသူတွေကိုလည်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ အုပ်ချူပ်ရေးအဖွဲ့ (ပအဖ)တွေက ကူညီတာတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ KawLin Revolution (KR) က ထုတ်ပြန်ထားပါတယ်။
 
တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတဝိုက်ရှိ နေအိမ်တချို့ ထိခိုက်ပျက်ဆီးတာ ရှိသလို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲကျမှုကြောင့် ပင်လည်ဘူး လမ်းဆုံရှိ ကုန်စုံဆိုင်တွေအပြင် နေအိမ်တချို့လည်း မီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ကောလင်းမြို့ ဒေသခံတဦးက “ ဒီကနေ့ မနက်ကစပြီး အခုဖုန်းလိုင်းတွေ ပြတ်သွားပါပြီ။ စခန်းကတော့ ကျသွားပြီပြောတယ်။ မြို့ထဲမှာလည်း ပိတ်မိနေတယ် ဒီကနေ့ မနက် မန္တလေးထွက်မယ့် ကားတွေတောင် မထွက်တော့ဘူး ” လို့ ဆိုပါတယ်။
 
ဒါ့အပြင် ကောလင်းမြို့အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေဟာ နှစ်ဖက်အင်အား ဖြည့်တင်းမှုတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အခု ကောလင်းမြို့ပေါ်တိုက်ပွဲတွေနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးသလို စစ်ကောင်စီတပ်ဘက်ကလည်း နှုတ်ဆိတ်နေပါသေးတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကို ဆင်နွဲပြီး စစ်ကောင်စီတပ်စခန်းတွေကို နေ့စဉ်နီးပါး တိုက်ခိုက်သိမ်းပိုက်နေစဉ် စစ်ကိုင်းတိုင်းအတွင်းမှာလည်း အခုလို မြို့သိမ်းတိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေကို တပြိုင်တည်း လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။
 
ဒီကနေ့ မနက်ပိုင်းကစတင်ပြီး ကလေး-တမူး သွားကားလမ်းပိုင်းရှိ ခမ်းပတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို ABSDF နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
 
ညီနောင်သုံးဖွဲ့ကလည်း သူတို့စစ်ဆင်ရေး ၁၀၂၇ နဲ့ အတူနိုင်ငံတဝန်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တချိန်တည်းမှာ တိုက်ခိုက်ကြဖို့ တိုက်တွန်းထားတာလည်း ရှိပါတယ်။
 
ဓာတ်ပုံ – Kawlin Info