တရုတ်ပြည်ရောက် မြန်မာစစ်ရှောင်တွေ အဆင်မပြေလို့ မိသားစုတွေက ပြန်ပို့ပေးဖို့ တောင်းဆို

နိုဝင်ဘာ၊ ၃
 
ရှမ်းမြောက်က တိုက်ပွဲကြောင့် တရုတ်နိုင်ငံ၊ မိန်းတိန်စစ်ရှောင်စခန်းကိုရောက်နေတဲ့ မြန်မာစစ်ဘေးရှောင် ငါးထောင်နီးပါးဟာ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးအပြင် အဆင်မပြေမှုများစွာ ရှိနေတယ်လို့ အဲဒီစစ်ရှောင်စခန်းကို ရောက်နေသူတွေရဲ့ မိသားစုဝင်တွေက DNA ကိုပြောပါတယ်။
 
” အစာရေစာ မလုံလောက်ဘူး။ အစားအသောက် သေချာမရပါဘူး။ ရိုင်းပျစွာ ဆက်ဆံခံရတယ်။ အနွေးထည် စောင်ဘာမှမပေးဘူး။ ကျန်းမာရေး မကောင်းတာကို ဆေးဝါးလဲ မထောက်ပံ့ဘူး။ ရေတောင် ဘာရေမှန်းမသိ သောက်ရတာ။ လုံလောက်တဲ့ထောက်ပံ့မှု မရှိလို့ စိတ်ပူရပါတယ် ” လို့ စစ်ဘေးရှောင်မိသားစုဝင်တဦးဖြစ်တဲ့ ကိုနိုင် (အမည်လွှဲ) ကပြောပြပါတယ်။
 
မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကို အောက်တိုဘာလ ၂၇ ရက်မှာ စတင်ပြီး ရှမ်းမြောက်ပိုင်းက မြို့နယ်တော်တော်များများကို တပြိုင်နက် တိုက်ခိုက်ခဲ့ကြတာပါ။
 
စစ်ဆင်ရေးစတင်တဲ့ နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ “ဝ” ပြည် နမ့်တစ်ဒေသမှာ စစ်ဘေးရှောင် တသောင်းဝန်းကျင်ပါအဝင် လားရှိုး၊ သိန္နီ၊ ကွက်ခိုင်၊ ကျောက်မဲ ၊ မူဆယ်၊ နမ့်ခမ်း၊ မိုးကုတ်စတဲ့ မြို့တွေမှာ စစ်ရှောင်နှစ်သောင်းကျော် ရှိနေတာပါ။
 
တိုက်ပွဲစတဲ့နေမှာပဲ မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်နိုင်ခဲ့တဲ့ ချင်းရွှေဟော်မြို့မှာရှိတဲ့ ဒေသခံတွေကတော့ ဝပြည် နမ့်တစ်ဘက်ကို စစ်ဘေးရှောင်သွားတဲ့ သူတွေရှိသလို တရုတ်နိုင်ငံ မိန်းတိန်မြို့ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ လူတွေလည်း အများအပြားရှိခဲ့ပါတယ်။
 
အဲဒီ မိန်းတိန်စခန်းမှာ မြန်မာစစ်ရှောင် ငါးထောင်နီးပါး ရှိတယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။
 
ဒါပေမယ့် စစ်ရှောင်စခန်းမှာ လူဦးရေ များလွန်းတာအပြင် လုံလောက်တဲ့ အစားအစာ၊ သောက်သုံးရေ နဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေအပြင် လိုအပ်တဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကအစ ကူညီထောက်ပံ့မှုတွေ မရကြဘူးလို့ နီးစပ်သူ မိသားစုဝင်ရဲ့ပြောစကားအရ သိရပါတယ်။
 
ဒါ့အပြင် စစ်ဘေးရှောင်တွေကို ဖုန်းသုံးခွင့်၊ အင်တာနက်သုံးခွင့် ပိတ်ပင်ထားပြီး အဲဒီလိုသုံးနေတာကို မိရင်လည်း ဖုန်းသိမ်းလိုက်တာတွေအပြင် ပါလာတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကိုပါ သိမ်းတယ်လို့လည်း ဆိုပါတယ်။
 
” ထောင်သားတွေလို ထားတာတဲ့။ အဲ့ထဲမှာက ကျွန်တော့ညီမတွေ ရှိတယ်။ အမွှာနှစ်ယောက် ကျွန်တော်နဲ့အရင်းတွေ။ သူတို့လည်း (ဖုန်း) အသိမ်းခံရလားမသိဘူး။ အဆက်သွယ်မရတော့ဘူး ” လို့ မိန်းတိန်စစ်ရှောင်စခန်းကို ရောက်နေသူ နောက်တယောက်ရဲ့ မိသားစုဝင်တဦးဖြစ်တဲ့ ကိုလတ် (အမည်လွှဲ)က ပြောပါတယ်။
 
ဒါ့အပြင် မိန်းတိန်စစ်ရှောင်စခန်းကို ရောက်ရှိနေတဲ့သူတွေဟာ တပတ်တာကာလ ရှိသွားပြီဖြစ်ပြီး ဒီလိုတပတ်သာ ရှိသေးတဲ့ ကာလမှာတောင် ကောင်းကောင်းမွန်မွန် အဆက်ဆံမခံရရင် ကာလကြာရှည်လာရင် ဒီထက်ပိုဆိုးလာနိုင်တာတယ်လို့ စစ်ဘေးရှောင်မိသားစုဝင်တဦးဖြစ်တဲ့ ကိုနိုင်က ဆိုပါတယ်။
” မြန်မာပြည်သူတွေ အရမ်းဒုက္ခရောက်နေပါပြီ။ တရုတ်ပြည်ထဲက ကယ်ဆယ်ရေး စခန်းလို့ သိရပါတယ်။ အဆက်အသွယ်ပြတ်တာ သုံးရက်လောက်ရှိပြီ ” လို့လည်း ပြောပါတယ်။
 
ဒါ့ကြောင့် မြန်မာပြည်မှာ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကလည်း ကိုယ့်မိဘ၊ သားသမီးတွေ၊ ကိုယ့်မိသားစုဝင်တွေ ဒီလိုဒုက္ခတွေ ကြုံနေရတာကို ကြားသိရတဲ့အတွက် အရမ်းစိုးရိမ်နေကြရပြီး အကုန်လုံးက ပြန်ခေါ်ချင်နေကြတယ်လို့ ဆိုပါတယ်။
 
ဒါ့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး မြန်မာစစ်ဘေးရှောင်တွေ နေရပ်ကို အမြန်ဆုံးပြန်လို့ရအောင် စီစဉ်ပေးစေချင်တယ်လို့ ပြောပါတယ်။
 
ကိုးကန့် သတင်းပြန်ကြားရေးဌာန ကတော့ ချင်းရွှေဟော်ဒေသခံတွေဟာ နေအိမ်ကို တဖြည်းဖြည်း ပြန်လာနေကြပြီး နေအိမ်သန့်ရှင်းရေးတွေ လုပ်ဆောင်နေကြကာ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ကလည်း အုပ်ချုပ်ရေးယန္တရားတွေကို ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် တရုတ်စစ်ရှောင်စခန်းကနေ ပြန်မယ်ဆိုပြီး ပြန်လာတဲ့သူတွေလည်း တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက ဂိတ်မဖွင့်ပေးလို့ စစ်ရှောင်စခန်းဆီကို ပြန်သွားရသူတွေလည်း ရှိတယ်လို့လည်း ကိုနိုင်က ဆိုပါတယ်။
 
” ဒေသခံမဟုတ်တဲ့ တရုတ်ဘက် ကယ်ဆယ်ရေးစခန်း ရောက်နေတဲ့ တိုင်းရင်းသားအားလုံးကို နေရပ်အမြန်ဆုံး ပို့ပေးစေချင်တယ်။ အားလုံးက ပြန်ခေါ်မယ့်သူ၊ ပြန်မယ့်သူချည်းပဲ။ ပြန်ခွင့်မပေးလို့သာ ” လို့ ကိုနိုင်က ပြောပါတယ်။
 
ဓာတ်ပုံ – CJ