နိုဝင်ဘာ ၊ ၂
မန္တလေးတိုင်း၊ ပြင်ဦးလွင်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို တအာင်းတပ်(TNLA) နဲ့ အတူ ပြင်ဦးလွင်အထွက် နောင်ချိုမှာ ကြားဖြတ်တိုက်ခိုက်နေတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်( MDY PDF ) တာဝန်ရှိသူထံက သိရပါတယ်။
“မနေ့က တိုက်ပွဲမှာ ဒဏ်ရာနဲ့ အရှင်လက်ရဖမ်းမိတာက နှစ်ဦးပါ။ နှစ်ဦးစလုံးကို ဒဏ်ရာနဲ့မို့ ဆေးကုသရင်း ဒီကိစ္စတွေကို လုပ်ဆောင်ပေးထားတယ် ” လို့ MDY PDF ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။
ပြင်ဦးလွင်မြို့က တဆင့် ရှမ်းမြောက်ဒေသကို ကားအစီး သုံးဆယ်ကျော်၊ တင့်ကားနှစ်စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ လောက်ပါတဲ့စစ်ကောင်စီယာဉ်တန်းကို မနေ့က ညနေ ၄ နာရီလောက်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။
အဲဒီစစ်ကောင်စီယာဉ်တန်းကို တအာင်းအမျိုးသားတပ်မတော် TNLA အတူ နောင်ချိုမြို့နယ်၊ အုမ္မသီး နဲ့ အုမ္မခါးလမ်းခွဲအနီးမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေး PDF ကရုပ်သံနဲ့ တကွ ထုတ်ပြန်ထားပါတယ်။
အဲဒီရုပ်သံမှတ်တမ်းတွေအရ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို မြင်တွေ့ရသလို ဒဏ်ရာနဲ့ လဲကျနေတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း တွေ့ရပါတယ်။
တအာင်းတပ်(TNLA) ကတော့ မနေ့ ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်းတချို့နဲ့ သေနတ် ခြောက်လက်ကို သိမ်းဆည်းရရှိခဲ့သလို သံချပ်ကာ ကား တစီးကိုလည်း RPG_7 နဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
“မနေ့က ပြင်ဦးလွင်က ထွက်ခွာလာတဲ့ ယာဉ်တန်းမှာ တင့်ကား နှစ်စီးပါတယ် ။တစီးကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးခိုးငွေတွေထွက်ပြီး နောက်ပြန်ဆုတ်သွားတယ်ပေါ့နော် ။တိုက်ပွဲထဲက ပြန်ထွက်ခွာသွားတဲ့အခြေနေပါ ” လို့ ကိုအော်စမွန် ကပြောပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးမှာရှိတဲ့ အုမ္မခါးနဲ့ ဆမ်မဆယ်ကျေးရွာတွေ ကိုဂျက်ဖိုက်တာ နဲ့နှစ်ကြိမ် လာရောက်စ်ခတ်တိုက်ခိုက်ခဲ့သလို ကျောက်မဲမြို့ရှိ ၅၀၂ တပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ နောင်ပြစ် ကျေးရွာအနီးကို အကြိမ် နှစ်ဆယ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒေသမှာ နိုဝင်ဘာလ ၂ ရက် ဒီကနေ့ မနက် ၆ နာရီခွဲလောက်မှာ စတင်ပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။
“ မနေ့က ပြင်ဦးလွင်က ထွက်ခွာလာတဲ့ယာဉ်တန်းဟာ ရှေ့ဆက်ပြီးတော့ မတက်နိုင်သေးဘူး။ ဒီကနေ့ မနက်အထိလည်း တိုက်ပွဲတွေဖြစ်နေတုန်းပါပဲ ” လို့ ကိုအော်စမွန် ကပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက် အထိအခိုက်အကျအဆုံးအသေးစိတ်ကို မသိရသေးပါဘူး။
ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းမြောက်ဒေသမှာ စစ်ဆင်ရေး ၁၀၂၇ အဖြစ် စစ်ကောင်စီတပ်စခန်းတွေကို တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ဆင်ရေးခြောက်ရက်မြောက်မနေ့ကတော့ စခန်းပေါင်း ကိုးဆယ်နီးပါးနဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တွေကို ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြောခွင့်ရ ပြန်ကြားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချူပ်ဇော်မင်းထွန်းကလည်း ချင်းရွှေဟော်၊ ဖောင်းဆိုင်းနဲ့ ကြူကုတ်(ပန်ဆိုင်း)မြို့တွေ လက်လွှတ်ဆုံးရှုံးထားထားရတယ်လို့ မနေ့က ထုတ်ဖော်ပြောဆို ထားပါတယ်။