ထန်တလန်မြို့ကို စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းမှား

အောက်တိုဘာ၊ ၃၁

လူမှုကွန်ရက်စာမျက်နှာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်က ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ချေးမှုန်းလိုက်ပြီး ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းမှားတခု ပျံ့နှံ့နေတာပါ။

ထန်တလန်မြို့တွင်းမှာ နေရာယူထားတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF)တို့နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီလ၂၉ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဒီလ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ 

အဲဒီသတင်းမှားကို စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ သဇင်ဦးချန်နယ်ကနေ မနေ့က နေ့လယ်၁နာရီကျော်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ၁၇,၁၄၂ဦး၊ reaction ပြုလုပ်သူ ၃၈၃ဦး၊ comment ရေးသားသူ ၁၈ ဦးနဲ့ ပြန်လည်မျှဝေသူ ၄ ဦးထိရှိကာ နိုင်ငံရေးစောင့်ကြည့်သူများနဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြား ပျံ့နှံ့နေတာပါ။

ပျံ့နှံ့လာတဲ့ အကြောင်းအရာကို DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ထန်တလန်မြို့ အခြေစိုက်ဖြစ်တဲ့ စစ်ကောင်စီ ခလရ (၂၆၉)တပ်ရင်း ဌာနချုပ်လုံခြုံရေးတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး CNF/CNA ကနေလည်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီနေရာမှာ ဖတ်ကြည့်လို့ရပါတယ်။

“ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူတို့ အတုန်းအရုန်း ကျနေလို့ထင်တယ် အဲ့လိုသတင်းမှားတွေ ဖြန့်နေတာကလေ၊ အတုံးအရုန်းရှုံးနေတဲ့အခါကျတော့ သူတို့ရဲဘော်တွေ စိတ်ဓါတ်ကျနေတာကို မကျအောင် အချင်းချင်းကြားမှာ ဖြန့်နေတယ်လို့ထင်တယ် မနေ့ကလည်း CNF က ဆလိုင်းထက်နီကလည်း သတင်းမှားလို့ ဖြေထားတယ်လေ ” လို့ ထတလန်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက  ခလရ (၂၆၉)တပ်ကျပြီးနောက် ထန်တလန်မြို့ကို ဆက်တိုက်ထိုးစစ်များဖြင့် ပြန်လည်တိုက်နေခဲ့ပြီး သုံးလ အကြာမှာ အခုလို ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းမှားကို စတင်ဖြန့်ဝေခဲ့တာပါ။

ချင်းကာကွယ်ရေးတပ်ဦးက ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ထန်တလန်ကို စစ်ကောင်စီက ပြန်လည်ိထိန်းချုပ်နိုင်ပြီဆိုတဲ့ ထုတ်ပြန်ချက်က ဝါဒဖြန့်မှုတခုသာ ဖြစ်တယ်လို့ DNA သတင်းဌာနကို ပြန်လည်ဖြေကြားထားတာကို ဒီမှာဖတ်ရှုနိုင်ပါတယ်။

စစ်ကောင်စီတပ်က ရှမ်းမြောက်မှာ စစ်ရှုံးနေတာကြောင့် ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ လုပ်ကြံရေးထားတာပါလို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီကနေ Burma News Network မှာ ပြန်လည်ဖြေကြားထားတဲ့ ဗွီဒီယိုကို ဒီမှာ ကြည့်ရှုလို့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ထန်တလန်ကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းမှားသာဖြစ်ကြောင်း လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းအများစုမှာ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 DNA Fact Check Team ကို ဒီနေရာ ( dnafactcheck@gmail.com) ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။