လက်နက်ကြီးကျည်ကျလို့ သေဆုံးခဲ့ရတဲ့ နမ့်ဖတ်ကာဒေသခံသုံးဦး ဈာပန

အောက်တိုဘာ၊ ၃၁
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လမ်းသွားရင်း သေဆုံးခဲ့သူသုံးဦးကို ဒီကနေ့ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒေသအခြေစိုက် မေတ္တာရှင် လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။
 
လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး ပေါ်မှာရှိတဲ့ နမ့်ဖတ်ကာရွာ၊ ရပ်ကွက် (၂)ထဲကို ညနေ ငါးနာရီခွဲလောက်မှာ လက်နက်ကြီး ကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းမပေါ်သွားလာနေသူ သုံးဦး သေဆုံးခဲ့တာပါ။
 
သေဆုံးသူ သုံးဦးဟာ အသက် ၂၈ နှစ်ဝန်းကျင် ကိုဖိုးသား၊ အသက် ၁၈ နှစ်အရွယ် ကိုဇွဲညီညီအောင်နဲ့ အသက် ၁၉ နှစ်ရှိ မအေးမွန်ထက် တို့ဖြစ်ပြီး သုံးဦးလုံး ဗမာတိုင်းရင်းသားတွေလို့ သိရပါတယ်။
 
ဒီဖြစ်စဉ်အပါအဝင် နမ့်ဖတ်ကာမှာ လက်နက်ကြီးကျည်ကြောင့် လေးရက်အတွင်း ခုနစ်နှစ်အရွယ်ကလေး တဦး အပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့ပြီးပါပြီ။
 
ရှမ်းမြောက်ထိုးစစ် စတင်တဲ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာရပ်ကွက် (၄) နမ့်ဖတ်ကာက နေအိမ်တအိမ်ရှေ့ လက်နက်ကြီးကျည်ကျပေါက်ကွဲတာကြောင့် နေအိမ်ထဲရှိနေတဲ့ အသက်ခုနစ်နှစ်အရွယ် မိန်းကလေးတဦး နေရာမှာပဲ သေဆုံးခဲ့သလို ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
 
ဒဏ်ရာရသူခြောက်ဦးထဲက ၃၃ နှစ်အရွယ် အမျိုးသမီးတဦးကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ မေတ္တာရှင် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ခြောက်နှစ် အရွယ် ကလေးတဦးနဲ့ ၁၆ နှစ်ဝန်းကျင် အရွယ်မရောက်သေးတဲ့ ယောက်ျားလေးတဦးလည်း ပါဝင်ပါတယ်။
 
အဲဒီသေဆုံးထိခိုက်သူတွေဟာ ကချင်/ပလောင် တိုင်းရင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို အရပ်သားတွေ သေဆုံးထိခိုက်စေခဲ့တဲ့ လက်နက်ကြီးတွေကို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်ဘက်က ပစ်ခတ်တယ်ဆိုတာတော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။
 
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်အတွင်း စစ်ကောင်စီက မြေပြင်တိုက်ခိုက်မှုတွေမှာ အရေးနိမ့်နေတာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ အဆမတန် သုံးနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားသလို စစ်ကောင်စီကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အရပ်သားဒေသတွေထဲ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စွပ်စွဲထားပါတယ်။
 
ဓာတ်ပုံ – မေတ္တာရှင် လူမှုကူညီရေးအသင်း