နမ့်ဖတ်ကာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သားလူငယ်သုံးဦး သေဆုံး

 

အောက်တိုဘာ၊ ၃၁
 
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာထဲကို အောက်တိုဘာ ၃၀ ရက်၊ မနေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လူငယ်သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ မနေ့က တိုက်ပွဲဖြစ်သံ မကြားဘူး၊ လက်နက်ကြီး နှစ်ချက်ပစ်တဲ့အချိန်မှာတော့ တချက်ရွာထဲကျပြီး အဲလိုဖြစ်သွားတာ၊ ဘယ်ဘက် (အဖွဲ့)က ပစ်လဲဆိုတာတော့ မသိဘူး ” လို့ လက်နက်ကြီး ထိသူတွေကို ကူညီပေးခဲ့တဲ့ ဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဖတ်ကာရွာ၊ ရပ်ကွက် (၂)ထဲကို ညနေ ငါးနာရီခွဲလောက်မှာ လက်နက်ကြီး ကျည်ဆန်တလုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းမပေါ် သွားလာနေသူသုံးဦး သေဆုံးခဲ့တာပါ။
 
သေဆုံးသူ သုံးဦးဟာ အသက် ၂၈ နှစ်ဝန်းကျင် ကိုဖိုးသား၊ အသက် ၁၈ နှစ်အရွယ် ကိုဇွဲညီညီအောင်နဲ့ အသက် ၁၉ နှစ်ရှိ မအေးမွန်ထက်တို့ ဖြစ်ကြပါတယ်။
 
“ သူက (ကိုဖိုးသား) နှလုံးပေါက်ပြီးတော့ အဲနေရာမှာပဲ ပွဲချင်းပြီး သေသွားတာ၊ ကျန်တဲ့ နှစ်ယောက်က ဆေးရုံ (နမ့်ဖတ်ကာတိုက်နယ်ဆေးရုံ) ရောက်ပြီးမှ သေသွားတာ ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
 
ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အခုလ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ နမ့်ဖတ်ကာ-နမ့်ခမ်း ကားလမ်းတလျှောက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း သုံးခုကိုလည်း မဟာမိတ်တပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။
 
အဲဒီနေ့ကလည်း နမ့်ဖတ်ကာရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးတဦးနဲ့ အမျိုးသမီးတဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြပါသေးတယ်။
 
ဒီလိုရွာထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာ မကြာမကြာဖြစ်နေပေမယ့် နမ့်ဖတ်ကာရွာခံတွေကတော့ လက်ရှိအချိန်မှာ စစ်ဘေးရှောင်ပြေးကြတာမျိုး မရှိသေးဘဲ နေရပ်မှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ သိရပါတယ်။
 
တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာ ငါးရက်ရှိလာပြီဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိမှာတော့ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အထိ ရှိလာပြီး စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည်နဲ့ အိပ်ယာခင်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
 
ဓာတ်ပုံ – မေတ္တာရှင် လူမှုကူညီရေးအသင်း