ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို စံချိန်တင် အရေအတွက်အဖြစ် အဋ္ဌမအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ ခံစားချက်ဟာ ထူးကဲလွန်းတယ်လို့ လီယွန်နယ် မက်ဆီက ပြောပါတယ်။
အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီမှာ ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟာ အောက်တိုဘာ ၃၀ က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲမှာ အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ နော်ဝေး တိုက်စစ်မှူး အာလင်ဟာလန်းကို ကျော်ဖြတ်ပြီး ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ ပြင်သစ်နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေကတော့ မက်ဆီနဲ့ ဟာလန်းတို့နောက် တတိယ နေရာက ရပ်တည်ခဲ့ပါတယ်။
Ballon d’Or စင်မြင့်ပေါ် နောက်တကြိမ် ရောက်လာပြီး ဒီလို အခိုက်အတန့်မျိုးကို ထပ်ပြီး ခံစားခွင့် ရခဲ့တာဟာ သိပ်ကို ထူးကဲကြောင်း၊ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းက သူ့ဘဝရဲ့ ရည်မှန်းချက် အိပ်မက်တွေ ပြည့်စုံသွားခဲ့တာဖြစ်ပြီး Ballon d’Orဆုကို ထပ်ရပြန်တဲ့အတွက် အရမ်း ကြည်နူးမိကြောင်း မက်ဆီက ဆိုပါတယ်။
မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားကို ချန်ပီယံ ဖြစ်လာအောင် အဓိက ဦးဆောင်မှု ပေးနိုင်ခဲ့တာကြောင့်လည်း Ballon d’Or ဆုတံဆိပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကံကောင်းထောက်မစွာနဲ့ပဲ ကမ္ဘာ့အကောင်းဆုံး အသင်းတခုဖြစ်တဲ့ အာဂျင်တီးနားကို ကိုယ်စားပြုခွင့် ရခဲ့ကြောင်း၊ သူ့ဘဝမှာ ပိုင်ဆိုင်ဖူးသမျှ Ballon d’Or ဆုတိုင်းဟာ ကွဲပြားတဲ့ တန်ဖိုးတွေနဲ့ ထူးခြားလေးနက်ခဲ့ကြောင်း အသက် ၃၆ နှစ်အရွယ် ဂန္ထဝင် ဘောလုံးကြယ်ပွင့်က ညွှန်းဆိုသွားခဲ့ပါတယ်။ Ballon d’Orကို ကမ္ဘာတလွှားက နာမည်ကြီး ဘောလုံးအားကစား ဂျာနယ်လစ် ၁၀၀ က မဲပေးရွေးချယ် ချီးမြှင့်တာပါ။
ဒီနှစ် ဆုပေးပွဲမှာတော့ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမားလေး ဂျုဒ် ဘယ်လင်ဂမ်က အသက် ၂၁ နှစ်အောက် အကောင်းဆုံး လူငယ် ဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ အက်စ်တန်ဗီလာ အသင်းရဲ့ အီမီလီယာနို မာတီနက်ဇ်ကတော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အဓိက ဆုဖလားကြီး သုံးလုံးကို သိမ်းကျုံးဆွတ်ခူးခဲ့တဲ့ မန်ချက်စတာ စီးတီးကတော့ အကောင်းဆုံး ကလပ်အသင်း ဆုကို ရရှိခဲ့ပြီး စပိန်နဲ့ ဘာစီလိုနာ အသင်းရဲ့ ဘောလုံးမယ် အိုင်တာနာ ဘွန်မာတီကတော့ သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး Ballon d’Or ဆုကြီးကို ရရှိသွားခဲ့ပါတယ်။
Ref: BBC