မင်းလှမှာ တပ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးတဦး ပစ်သတ်ခံရလို့ သေဆုံး

အောက်တိုဘာ၊ ၂၉
 
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တပ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တွေက အောက်တိုဘာ ၂၉ ရက်၊ ဒီကနေ့မနက် ၈ နာရီခန့်မှာ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
” ခါတိုင်းက ကျွန်တော်တို့ ရှင်းဖို့စောင့်နေတာ လွဲလွဲသွားတာ။ ခုဟာက သူတို့တပ်ထဲကပဲ သတင်းပေးတာ သူလာမယ့်ချိန်ပေါ့။ အဲ့တာကြောင့် ပိုလွယ်တာ ” လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
 
သေဆုံးခဲ့သူဟာ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာ အခြေစိုက် ခလရ (၁)မှ အသက် ငါးဆယ်ဝန်းကျင်အရွယ်ရှိတဲ့ ဗိုလ်ကြီး မျိုးဆန်းဝင်း ဖြစ်ပြီး ဇရစ်ချောင်းကျေးရွာနဲ့ ချောင်းနားကျေးရွာကြားမှာ PDF တွေက စောင့်ကြိုပြီး သေနတ်နဲ့ငါးချက်ပစ်ခတ်ခဲ့လို့ နေရာမှာတင် ‌သေဆုံးခဲ့တာပါ။
 
ဗိုလ်ကြီးမျိုးဆန်းဝင်းဟာ မင်းလှမြို့နယ် အမှတ်(၇) ရပ်ကွက်၊ ပြည်တော်သာလမ်းတွင် နေထိုင်သူဖြစ်ပြီး တပ်သားစုဆောင်းရေး သာမက ဒေသခံတွေကိို ပျူစောထီးထဲဝင်ရန် စည်းရုံးလှုံ့ဆော်တာတွေ ပြုလုပ်သလို အရပ်သားတွေကို ဖမ်းဆီးခြိမ်းခြောက်တာတွေ ပြုလုပ်လို့ အခုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
ဗိုလ်ကြီး မျိုးဆန်းဝင်းဟာ သွားလေရာ ပစ္စတိုသေနတ် ယူဆောင်သွားသူဖြစ်ပြီး သူ့ကို ရှင်းလင်းချိန်မှာ ပြည်သူတွေ ရှိနေတာကြောင့် သေနတ်ကိုတော့ ယူဆောင်နိုင်ခြင်းမ ရှိခဲ့ဘူးလို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
 
အဲဒီလိုပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေဆုံးသူရဲ့ ရုပ်အလောင်းကို လာရောက်ကောက်ယူသွားကာ အနီးအနားမှာရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
အဲဒီ ပစ်ခတ်မှုကို သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)တပ်ခွဲ (၂)နဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့တို့က နန်းထိုက်အောင် စစ်ဆေးရေး အဖြစ်ဆောင်ရွက်ခဲ့တာပါ။
 
ဓာတ်ပုံ – သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)