စစ်တွေမှာ ဗြောက်အိုးရောင်းတဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီ ဖမ်းဆီး

အောက်တိုဘာ ၊ ၂၈

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သီတင်းကျွတ်ကာလဗြောက်အိုးနဲ့ ရှုးဒိုင်းတွေ ရောင်းချနေတဲ့ အမျိုးသမီးတဦးကို စစ် ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ရဲတွေက စျေးထဲကို ဝင်ဖမ်းသွားတာ၊ ဗြောက်အိုးမရောင်းရဘူးလို့လည်း ဘယ်သူမှ မပြောထားပါဘူး၊ ရပ်ကွက် တွေမှာ ကြေငြာတာလည်း မရှိသေးပါဘူး။ ရဲစခန်းကို ခေါ်သွားတယ်၊အခုထိလည်း မလွှတ်သေးဘူးကြားတယ်”လို့ စစ်တွေမြို့မစျေးမှာ အဝတ်အထည်ရောင်းချသူတဦးက DNA ကို ပြောပါတယ်။

အဲဒီ ဗြောက်အိုးရောင်းတဲ့ အမျိုးသမီးကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းသို့ ခေါ်သွားခဲ့တာဖြစ်ပြီး ဘယ်လို အရေးယူ ထားတယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတဲ့အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

 အမှတ်(၁)ရဲစခန်းကို DNA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်က မြို့နယ်တချို့မှာ မီးရှုးမီးပန်း ပစ်လွှတ်တာ၊ ဗြောက်အိုးဖောက်တာ၊ ရှုးဒိုင်းပစ်ဖောက်တာ၊ ရောင်းချ ဖြန့် ဖြူးတာတွေ မလုပ်ဖို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် အသိပေးနေတာရှိပေမယ့် စစ်တွေမြို့ မှာတော့ အဲဒီလို အသိပေး၊ အကြောင်းကြားတာမရှိသေးဘူးလို့ အုပ်ချုပ်ရေးမှူးတွေက ပြောကြပါတယ်။

“ကျွန်တော်တို့ကိုတော့ ဗြောက်အိုးဖောက်တာနဲ့ ပက်သက်လို့ ရုံးက ဘာမှမပြောသေးပါဘူး၊လူထုတွေ ဘာမှ မသိသေးတာကို အဲလို ဖမ်းတယ်ဆိုရင်တော့ မကောင်းဘူးလေ၊အသိပေးထားလို့ ရောင်းတာကို ဖမ်းရင်တော့ တမျိုးပေ့ါ”လို့ စစ်တွေမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာတော့ ဗြောက်အိုးဖောက်တာ၊ လက်ဝယ်ထားတာ၊ ရောင်းချတာတွေလုပ်ရင် အမိန့်ဖီဆန်မှု ရာဇသတ်ကြီးဥပေဒပုဒ်မ ၁၈၈ နဲ့ အရေးယူမယ့်အကြောင်း ရပ်ကွက်၊ ကျေးရွာတွေအတွင်း လှည့်လည် အသိ ပေးထားတာရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ “ရခိုင်နေ့စဉ်” ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ ရခိုင်မြို့နယ်အားလုံးမှာ သီတင်းကျွတ်ကာလ ဗြောက်အိုးမဖောက်ဖို့၊လက်ဝယ်မထားဖို့၊မရောင်းချဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်သွားမယ်လို့ ဒီကနေ့ဖော်ပြထားတာ တွေ့ရပါတယ်။

သီတင်းကျွတ်ကာလကိုအခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေကျူးလွန်လာနိုင်တာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေရေး၊ လုံခြုံရေးနဲ့ တရားဥပေဒစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးတို့အတွက် ထုတ်ပြန်မှာ ဖြစ်တယ်လို့ အဲဒီအသိပေးချက်ကဆိုထားပါတယ်။

“အာဏာရှင်တွေမှာတော့ အမျိုးမျိုး အကြောင်းပြပြီး ဖမ်းချင်တိုင်း ဖမ်းနေတာပဲလေ”လို့ စစ်တွေမြို့က အသက် သုံးဆယ်အရွယ် လူငယ်တဦးက ပြောပါတယ်။

စစ်ကောင်စီက အရေးယူမယ်ဆိုတဲ့ ပုဒ်မ ၁၈၈ ဟာ ထုတ်ပြန်ကြေငြာထားတဲ့အမိန့်ကို ဖီဆန်ရင် အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အလုပ်မဲ့ထောင်ဒဏ် တလအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။