အောက်တိုဘာ၊ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပေကုန်းရပ်ကွက်ထဲ အရပ်ဝတ်နဲ့ ဈေးထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနေ့က မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်တာကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ Golden Eagle Force – Monywa တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ သူတို့က ဈေးလာဝယ်နေကျလေ၊ သူတို့တပ်နဲ့ ပေကုန်းနဲ့လည်းနီးတော့ အဲ့ပဲဈေးလာဝယ်တာ ” လို့ သူကပြောပါတယ်။
ပစ်ခတ်ခံရသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦးဖြစ်ပြီး သူတို့လေးဦးထဲက အမျိုးသားနှစ်ဦးသေဆုံးကာ နောက်နှစ်ကတော့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှု ရုပ်သံမှတ်တမ်းကိုလည်း Golden Eagle Force – Monywaက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရသူတွေဟာ ပေကုန်းရပ်ကွက်အနီး မုံရွာ-အမြင့် လမ်းထိပ်က လူဝင်မှုကြီးကြပ်ရေးရုံးဟောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းက တပ်ဖွဲ့ဝင်တွေလို့ Golden Eagle Force – Monywa က ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Golden Eagle Force – Monywa၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ (မုံရွာ)နှင့် Ka Naung Min Thar Gyi ( Monywa ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာ-အမြင့်လမ်း ဒေသအခြေအနေတွေကို စောင့်ကြည့်ဖော်ပြပေးနေတဲ့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကလည်း အဲဒီပစ်ခတ်မှုဖြစ်စဉ်ကို အတည်ပြုပါတယ်။
ပစ်ခတ်မှုအတွင်း သေဆုံးထိခိုက်မှု အသေးစိတ်အခြေအနေကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
မနေ့က ဈေးထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီးနောက် လဝကရုံးထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုဖြစ်တဲ့ နေရာကို ရောက်လာပြီး ရမ်းသန်းပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် ဆိုင်ကယ်ဝပ်လျှော့မှာ အလုပ်လုပ်နေတဲ့ လူငယ်တဦး ခြေထောက်ထိမှန်ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးဝန်းကျင်မှာရှိနေတဲ့ ဒေသခံတွေကို ရိုက်နှက်စစ်ဆေးဖမ်းဆီးတာတွေ လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၂၃ ရက်ကလည်း မုံရွာမြို့နယ်၊ သာစည်ရွာအနီးမှာ စစ်ကောင်စီတပ်သား သုံးဦး ပစ်ခတ်ခံခဲ့ရပြီး တဦးသေဆုံးကာ လက်နက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အဲဒီပစ်ခတ်မှုကို လုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့က ပြောထားပါတယ်။
ဓာတ်ပုံ – Golden Eagle Force Monywa