မင်းပြား မှာစစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေး၊ ဒေသခံတွေ ခြိမ်းခြောက်မေးမြန်းခံနေရ

အောက်တိုဘာ၊ ၂၇
 
ရခိုင်မှာ လက်နက်ခဲယမ်းတွေ ဖြည့်တင်းထားတာ မကြာသေးတဲ့ စစ်ကောင်စီတပ်စခန်းတခုကတပ်သားနှစ်ဦး ဟာ လက်နက်ကြီး၊လက်နက်ငယ်တွေအပြင် ခဲယမ်းတွေပါယူပြီး ထွက်ပြေးသွား တာကြောင့်အနီးတဝိုက် ရွာ သားတွေ ခြိမ်းခြောက်ခံနေရတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
မင်းပြားမြို့နယ် ဖားပြိုရွာအနီး ရာမောင်တံတားဦးတောင်ကုန်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်းက တပ်သားနှစ်ဦးဟာ အောက်တိုဘာလ ၂၁ ရက်နဲ့ ၂၅ ရက်တို့မှာ ရှေ့ဆင့်နောက်ဆင့် သီးခြားစီ ထွက်ပြေးသွားခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ လက်နက်ခဲယမ်းတွေ အများကြီး ပါသွားတယ်ကြားတယ်၊ အဲဒီစခန်းကို ဟိုအပတ်ကမှ လက်နက်သေတ္တာပုံးကြီးတွေ အများကြီး လာချသွားခဲ့တာ၊ သူတို့စစ်သားကို ပြန်ရှာမရတော့ ရွာသားတွေကို မဲပြီး လာငြှိုးနေတာပေ့ါ ” လို့ ဒေသခံ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
အဲဒီလို တပ်သားနှစ်ဦးတွေ ထွက်ပြေးသွားခဲ့ပြီးနောက် အင်အားငါးဆယ်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖားပြိုရွာထဲဝင်ပြီး နေအိမ်တွေထဲ ရှာဖွေတာ၊ ရွာသားတွေကို ရှာပေးဖို့ ပြောဆို၊ ခြိမ်းခြောက်တာတွေ ငါးကြိမ်ထက်မနည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ AA က ခေါ်သွားတာလား၊ ကားနဲ့ ထွက်ပြေးသွားတာလား ပြောကြ၊ မဟုတ်ရင် AA အရာရှိ ဖုန်းနံပါတ်ပေး အဲ့လိုပြောတယ်၊ အိမ်ကို မီးရှို့ပစ်မယ်၊ အဲလိုလည်း ခြိမ်းခြောက်တယ် ” လို့ ဖားပြိုရွာသားတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဖားပြိုကျေးရွာက ရွာတာဝန်ခံ (ရာအိမ်မှူး)ဟာ တိမ်းရှောင်နေရပြီး တခြားရွာသားတွေလည်း ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။
 
ဖားပြိုကျေးရွာဟာ မင်းပြားမြို့အရှေ့ဘက် ရန်ကုန်-စစ်တွေ ကားလမ်းဘေး တောင်ခြေမှာရှိပြီး တောင်ပေါ် တွေမှာတော့ AA တပ်စခန်းတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရာမောင်တံတားဦးတောင်ကုန်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ရခိုင်တိုက်ပွဲစဖြစ်ကတည်းက စစ်ကောင်စီတပ်သားတွေ စခန်းချ နေလာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာအင်အား နှစ်ရာဝန်းကျင်လောက် ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ တိုက်ပွဲကာလတွေတုန်းက အဲဒီစခန်းတောင်ကုန်းပေါ်ကနေ လူနေရွာတွေဆီ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိသလို ဖားပြိုရွာကိုလည်း အဲဒီစခန်းမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကပဲ ၂၀၁၉ ခုနှစ်မှာ မီးရှို့ခဲ့ကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတွေ၊ စစ်ကောင်စီ တပ်သားတွေဟာ မကြာခဏ ထွက်ပြေးလေ့ရှိပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းမှာ အပစ်ရပ်ပြီးနောက် ထွက်ပြေးသွားသူ သုံးဆယ်ဝန်းကျင်လောက် ရှိနေပြီလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
 
အဲဒီလို ထွက်ပြေးတာတွေ မကြာခဏ ရှိနေလို့ဆိုပြီး စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့ရဲ့ ရှေ့တန်း တပ်စခန်းတွေမှာ တပ်သားအပြောင်းအရွေ့တွေ မကြာခဏလုပ်လေ့ရှိပါတယ်။
 
“ စခန်းတခုမှာ နေတာကြာရင် သတင်းပေးတွေ ရှိလာမှာ စိုးတယ်၊ ပြီးရင် ထွက်ပြေးဖို့ မလွယ်အောင်လုပ်တာပေ့ါ၊ ခဏခဏ အပြောင်းအရွေ့လုပ်တယ်။ ဒါပေမယ့် ပြေးကြတာပါပဲ၊ တပ်ထဲမှာ ငတ်နေကြတာလေ၊ တိုက်ပွဲဖြစ်ရင်လည်း သေမှာဆိုတော့ အကုန်ပြေးဖို့ကြိုးစားတာပေ့ါ ” လို့ ရခိုင်ဒေသခံ စစ်ကောင်စီတပ်သားဟောင်းတဦးက ပြောပါတယ်။
 
ရခိုင်မှာ ပြီးခဲ့တဲ့ တိုက်ပွဲကာလတွေတုန်းကလည်း စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့လက်နက်တွေနဲ့အတူ ထွက်ပြေးပြီး AA တပ်စခန်းတွေမှာ သွားရောက်ခိုလှုံတာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ကောင်စီတပ်သားပေါင်း တရာကျော်အထိရှိတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ၂၀၂၂ ခု ဇွန်လက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားဖူးပါတယ်။
 
ဓာတ်ပုံ – Google (ပုံဟောင်း)
ပုံစာ – မင်းပြားမြို့နယ်အတွင်းမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။