ကော့ကရိတ်မြို့မှာလည်း စစ်ကောင်စီတပ် ထိုးစစ်ဆင်ခံနေရ

အောက်တိုဘာ၊ ၂၇
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ဒီကနေ့ မနက် ၅ နာရီခွဲလောက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
 
” ကော့ကရိတ်မြောက်ပိုင်းခွင် တခွင်လုံးဖြစ်နေတာ၊ သူတို့ (စစ်တပ်) နေရာယူထားတဲ့ နေရာတွေကို ဒီနေ့က ထိုးစစ်ပေါ့ ” လို့ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ (၅) ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ရှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့်၊ TNLA နဲ့ AA မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဒီကနေ့မနက် ၄ နာရီမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို အော်ပရေးရှင်း ၁၀၂၇ နဲ့ စတင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေချိန် ကော့ကရိတ်မှာလည်း အခုလို ထိုးစစ်စတင်နေတာပါ။
 
” စစ်ရေးရဲ့ သဘောတရားအရ တဆင့်ပြီးတဆင့် ပြောင်းလဲလာတဲ့ အခြေအနေအရလို့ပဲ ပြောချင်ပါတယ် ” လို့ အဲဒီပြန်ကြားရေး တာဝန်ရှိသူက ကော့ကရိတ်မြို့ ထိုးစစ်နဲ့ပတ်သတ်ပြီး ပြောပါတယ်။
 
ဒါပေမယ့် စစ်ရေးရည်မှန်းချက် အပြည့်အစုံနဲ့ တခြားအကြောင်းအရာတွေကိုတော့ ပြောကြားတာ မရှိသေးပါဘူး။
 
လက်ရှိ ကော့ကရိတ်မြို့အတွင်း တိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားဖြူစစ်ကြောင်းရဲ့ တပ်ခွဲ (၂)၊ တပ်ခွဲ (၄)၊ တပ်ခွဲ (၅)၊ တပ်ရင်းရုံး လုံခြုံရေးတပ်ခွဲတို့နဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
 
ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ အမှတ် (၃) စစ်ဆေးရေးဂိတ်၊ အမှတ် (၃) ရဲစခန်း၊ တံတားဦးနဲ့ ချောင်းဆုံ ဘုန်းကြီးကျောင်းဘက်မှာ တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တာလို့ အဲဒီပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
 
ဒါ့အပြင် အခုလ ၂၄ ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကော့ကရိတ်မြို့အနီးက ဆင်ကုန်းရွာဘက်မှာလည်း ဒီနေ့မနက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
 
” အခြေအနေက မကောင်းဘူး၊ ကျမတို့အားလုံး ပုန်းနေရတယ် ” လို့ လုံခြုုရေးအရ အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်း ကော့ကရိတ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၉၇) လက်နက်ကြီးကုန်းကနေ လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။
 
ကော့ကရိတ်မြို့ခံတချို့ကတော့ အခုလ ၂၄ ရက်မှာ ဆင်ကုန်းရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိပြီးနောက်ပိုင်းကတည်းက တိမ်းရှောင်နေကြပြီး တချို့ကလည်း လက်ရှိအချိန်ထိ မြို့ထဲပိတ်မိနေတာတွေ ရှိနေပါတယ်။
 
” လေယာဉ်တော့ အခုလောလောဆယ် မလာသေးဘူး၊ ၂၄ ရက်နေ့ (အောက်တိုဘာ)က လာထားတာဆိုတော့ လေယာဉ်တော့ နည်းနည်းသတိထားရတာပေါ့ ထုံးစံအတိုင်း ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဆင်ကုန်းရွာအနီးတိုက်ပွဲမှာတော့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၂၀၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် ခြောက်ဦးသေဆုံးတယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောဆိုထားပါတယ်။
 
ဓာတ်ပုံ – ကျားဖြူစစ်ကြောင်း