ထိုင်းရောက် မြန်မာ MoU အလုပ်သမား ခြောက်ဆယ်နီးပါး အလုပ်လက်မဲ့ဖြစ်နေ၊ အေဂျင်စီက တာဝန်မယူ

အောက်တိုဘာ၊ ၂၆
 
ထိုင်းနိုင်ငံကို နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက် MoU စနစ်နဲ့ သွားတဲ့ မြန်မာအလုပ်သမား ၅၇ ဦးဟာ အောက်တိုဘာ ၁၂ ရက်မှာ ရောက်ခဲ့ပြီးကတည်းက အလုပ်လက်မဲ့ဖြစ်နေကြပြီး သူတို့ကို တာဝန်ယူပို့ပေးတဲ့ အလုပ်အကိုင်အေဂျင်စီကလည်း တာဝန်ယူဖြေရှင်းမပေးတာကြောင့် အခက်တွေ့နေကြတယ်လို့ အဲဒီအလုပ်သမားတွေနဲ့ သူတို့ကိုကူညီပေးနေသူတွေက ပြောပါတယ်။
 
အဲဒီအလုပ်သမားတွေကို ပြည့်ပိုင်မှူး ပြည်ပအလုပ်အကိုင်အေဂျင်စီက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ဆောက်လုပ်ရေးအလုပ် လုပ်ကိုင်ဖို့အတွက် နှစ်နှစ်စာချုပ်နဲ့ ပို့ပေးခဲ့တာဖြစ်ပေမယ့် နှစ်ပတ်ကြာတဲ့အထိ အလုပ်မရသေးတာကြောင့် နေထိုင်စားသောက်ရေး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
 
“ ရောက်ပြီးနောက်တရက်၊ နှစ်ရက်နေရင် အလုပ်ဆင်းရမယ်လို့ စာချုပ်ထဲမှာ အဲ့လိုပြောပါတယ်၊ ဒီကို‌ရောက်တဲ့နေ့ကနေ အခုချိန်ထိကို အလုပ်မဆင်းရသေးပါဘူး ” လို့ လက်ရှိအလုပ်လက်မဲ့ဖြစ်နေသူတွေထဲ ပါဝင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
 
အဲဒီအလုပ်သမားတွေကို ကုမ္ပဏီဘက်က ထိုင်းနိုင်ငံ ရနောင်းမြို့ကတဆင့် ခရက်ဘီမြို့၊ အဲဒီနောက် ဖူးခက်မြို့တွေဆီ ပြောင်းရွှေ့ထားခဲ့ပြီး တစုတည်းလာတဲ့ အလုပ်သမား ၅၇ ဦးကို သုံးနေရာမှာ ခွဲထားတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် WAG မြန်မာနိုင်ငံ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
အလုပ်သမားတွေဟာ သံရုံးကတဆင့် ပြည့်ပိုင်မှူးကုမ္ပဏီ တာဝန်ရှိသူတွေကို သွားရောက်ဆက်သွယ်ပြီးနောက် အောက်တိုဘာ ၂၁ ရက်မှာ ကုမ္ပဏီဘက်က လာတွေ့ခဲ့ပေမယ့် ဘတ်တထောင်စီသာပေးခဲ့ပြီး အလုပ်အကိုင်နဲ့ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းပေးမှုတော့ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ကျွန်တော်တို့လည်း ချွေတာသုံးရတာပေါ့၊ စာချုပ်ထဲကအတိုင်း ၇၅ ရာခိုင်နှုန်း ပြန်ရရင် အဲ့ပိုက်ဆံကို ကျွန်တော်တို့က ပြန်ပေးရမယ်၊ မရရင်မပေးနဲ့ အဲ့လိုသဘောမျိုး ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အခုအခက်ကြုံနေတဲ့ အလုပ်သမားတွေကို တာဝန်ယူပို့ပေးခဲ့တဲ့ ပြည့်ပိုင်မှူးကုမ္ပဏီဟာ အရင်ကလည်း အလားတူပြသနာမျိုး ကြုံဖူးတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ WAGက တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
 
ပြည့်ပိုင်မှူးကုမ္ပဏီကနေတဆင့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရောက်လာတဲ့ မြန်မာလုပ်သမား နှစ်ဆယ်ကျော် အလုပ်လက်မဲ့ ဖြစ်နေတာကိုလည်း WAG က ကူညီဖြေရှင်းပေးခဲ့ရသေးတယ်လို့ သူကပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့ကြား သဘောတူညီမှုအရ တရားဝင် MoU စနစ်နဲ့ မြန်မာအလုပ်သမား သောင်းချီကို ပို့ခဲ့ပေမယ့် အခုလို တဖက်နိုင်ငံရောက်ပြီးနောက် အလုပ်မရတာ၊ စာချုပ်ပါ လုပ်ငန်းခွင်မှာ အလုပ်လုပ်ခွင့်မရတာ စတဲ့ပြဿနာတွေ အများအပြားရှိနေတာပါ။
 
ဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့ အလုပ်သမားတွေကို တာဝန်ယူ ပို့ပေးလိုက်တဲ့ အေဂျင်စီကုမ္ပဏီတွေကရော စစ်ကောင်စီကရော တာဝန်ယူဖြေရှင်းပေးမှု အားနည်းနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောထားပါတယ်။
 
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံမီဒီယာတွေမှာတော့ ထိုင်းနိုင်ငံကို MoU စနစ်နဲ့ အလုပ်သမားအရေအတွက် ဘယ်လောက် စေလွှတ်ခဲ့တယ်ဆိုတာမျိုးကိုသာ ဖော်ပြလေ့ရှိပြီး အခုလိုပြဿနာတွေနဲ့ပတ်သက်လို့ ဖော်ပြတာမရှိပါဘူး။
 
ဓာတ်ပုံ​ – CJ