စဥ့်ကူးနဲ့ မတ္တရာမြို့တွေမှာ စစ်တပ်လက်ချက်နဲ့ သေဆုံးတဲ့ အလောင်းငါးလောင်းတွေ့ရှိ

အောက်တိုဘာ၊ ၂၆
 
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေကို စစ်ကောင်စီတပ်က ရေလမ်းကနေ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ စစ်ကြောင်းထွက်ခွာချိန် အသတ်ခံရတဲ့ အမျိုးသား ရုပ်အလောင်း ငါးလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ဖလက်ခွံ (ရေယာဉ်)တွေနဲ့ စစ်ကြောင်းထိုးတာ။ တယောက်ကတော့ မနေ့က အဖမ်းခံရတဲ့ သဲအင်းရွာသား ပဲဗျ။ ရှင်းလင်းရေးလုပ်တဲ့ချိန်တွေ့တာ “ လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
အသတ်ခံရသူ ငါးဦးထဲမှာ သဲအင်းရွာသား ဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် ရှိတဲ့ ဦးကျော်ဝင်း တဦးကိုသာ အတည်ပြုနိုင်ပြီး ကျန်လေးဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ အဲဒီအမျိုးသားက ဆိုပါတယ်။
 
စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၂၅ ရက်၊ မနေ့ကမနက်ပိုင်းမှာ ဖလက်ခွံ ရေယာဉ်နှစ်စီးနဲ့ မန္တလေးမြို့ကနေ ဆန်တက်လာပြီး မတ္တရာမြို့နယ်က သဖန်းထောင့်ရွာနဲ့ ငယ်တိုးကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် စဥ့်ကူးမြို့နယ်၊ ပျူစောထီးကျေးရွာဖြစ်တဲ့ ရွာသာယာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း နောက်တွဲတွန်းရေယာဉ်တစီးနဲ့ အောက်ဘက်ကို စုန်လာတယ်လို့ ဆိုပါတယ်။
 
အဲဒီနောက်တွဲတွန်းရေယာဉ်ဟာ မန္တလေးက ဆန်တက်လာတဲ့ သင်္ဘောတစီးနဲ့ပေါင်းကာ ကြက်တူရွေးရွာနဲ့ သဲအင်းရွာတို့ကို မနေ့က ညနေ ၅ နာရီခန့်မှာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
 
အဲဒီလို မီးရှို့ဖျက်ဆီးပြီးနောက် သဲအင်းရွာက ဦးကျော်ဝင်းကို ဖမ်းဆီးကာ ညတွင်းချင်း ဖလက်ခွံ တစီး၊ နောက်တွဲတွန်းတစီးနဲ့ ပြန်လည်ဆန်တက်ခဲ့ပြီး လမ်းတလျှောက်မှာရှိတဲ့ ဝက်လက်မြို့ မြစ်ကမ်းဘေးက ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကာ ရွာသာယာရွာမှာ ပြန်လည်ကမ်းကပ်ခဲ့တာပါ။
 
အဲဒီရွာသာယာရွာကို ပြန်ရောက်ရှိသွားတဲ့ စစ်ကောင်စီ ရေယာဉ်နှစ်စီးဟာ အောက်တိုဘာ ၂၆ ရက်၊ ဒီကနေ့ မနက် ၆ နာရီခန့်မှာ စဥ့်ကူးမြို့နယ်၊ ရွာသာယာပျူရွာကနေတဆင့် မတ္တရာ သဖန်းဒေါင့်ကျေးရွာကို ကမ်းကပ်လာပြီး နေအိမ်တချို့ကို ထပ်မံမီးရှို့ခဲ့ပါသေးတယ်။
 
အဲဒီလိုမီးရှို့ပြီးနောက် စစ်ကြောင်းထွက်ခွာသွားချိန် မတ္တရာမြို့နယ်ကို ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ သဖန်းဒေါင့်ရွာနဲ့ ငယ်တိုးရွာကြားမှာ မနေ့ကညက ဖမ်းဆီးခံခဲ့ရတဲ့ သဲအင်းရွာခံ ဦးကျော်ဝင်း အပါအဝင် အမျိုးသား ရုပ်အလောင်း သုံးလောင်း တွေ့ရှိခဲ့တာပါ။
 
ဒါ့အပြင် စဥ့်ကူမြို့နယ်ကိုလည်း နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး စတဲ့ကျေးရွာက နေအိမ် ဆယ်လုံးခန့် မီးလောင်ဖျက်ဆီးခံခဲ့ရပြီး ရွာနားမှာ အမျိုးသားရုပ်အလောင်း နှစ်လောင်း တွေ့ရှိခဲ့ကာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
 
လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီတပ်ဟာ ဟင်္သာမကျေးရွာရဲ့ အနောက်ဘက် စဥ့်အိုးကျွန်းပေါ်က နွားတွေနဲ့ ဒေသံတွေပိုင်ပစ္စည်းတွေကို ယူဆောင်သွားကာ ရေယာဉ်တွေနဲ့ မြစ်ကြောင်းအတိုင်း မန္တလေးဆိပ်ကမ်းဘက်ကို စုန်သွားတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Wetlet Information Network