အောက်တိုဘာ၊ ၂၃
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်(Deep Depression)ဟာ နောက် ခြောက်နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နဲ့တိုင်းတချို့မှာ မိုးထစ်ချုန်းရွာတာ၊ ရေကြီး၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီကနေ့ ညနေ ၅ နာရီခွဲတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်းတိုင်းငယ်(Deep Depression)ကြောင့် ဒီကနေ့ညကနေ ဒီလ၂၅ ရက်အတွင်း ပြည်နယ်နဲ့တိုင်းတချို့မှာသက်ရောက်မှုရှိမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
“ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး ကုန်းတွင်းဝင်ကာနီးမှာလဲ ရုတ်ရက်အားကောင်းလာခြင်းဆိုတဲ့ အခြေအနေကို သတိထားကြရမယ်။ မုန်တိုင်းအားပိုကောင်းလာရင် မုန်တိုင်းအရှိန်သက်ရောက်မှုတွေကလဲ အရင်ခန့်မှန်းချက်တွေထက် ပိုလာနိုင်ပါတယ်”လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောထားပါတယ်။
အဲဒီမုန်တိုင်းဟာ လာမယ့် ၂၅ ရက်၊ ညပိုင်းမှာ ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းခြေကို ဖြတ်ကျော်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ဒီနေ့နေ့လည်ပိုင်းမှာ ခန့်မှန်းထားပါတယ်။
အထူးသဖြင့်ကတော့ ရခိုင်မြောက်ပိုင်းဒေသမှာ လေပြင်းတိုက်ခတ်ကာ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းထန်လာနိုင်မယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
လေပြင်းတိုက်ခတ်ချိန် တနာရီမှာ မိုင် သုံးဆယ်ကနေ ၃၅ မိုင်နှုန်းအထိ ရှိမယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
စစ်ကောင်စီ မိုးဇလကလည်း ဒီနေ့ ညနေပိုင်းကနေ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အချိန်အထိ ရခိုင်၊ ချင်းပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ရှိတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒါ့အပြင် မုန်တိုင်းဝင်အရှိန်ကြောင့် ရုတ်တရက်ရေကြီးကာ မြေပြိုတာတွေလည်း ဖြစ်နိုင်တာမို့ ကုန်းမြင့်ပိုင်းမှာ နေသူတွေအနေနဲ့ မြေပြိုမှုအန္တရယ်ကို သတိထားဖို့လိုသလို ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်နား၊ ချောင်းနားနေသူတို့အဖို့လည်း ရေကြီးမှုအန္တရာယ်ကို သတိထားကြဖို့လိုတယ်လို့ ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုပါတယ်။ လှိုင်းအမြင့်မှာ ရှစ်ပေကနေ ဆယ် ပေလောက်အထိ ရှိနိုင်ပြီး လေတိုက်နှုန်းဟာလည်း ၃၅ မိုင်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ပြီးသွားခဲ့အခါမှာလည်း အရှေ့ဘက်က ဝင်လာနိုင်မယ့် တိမ်တိုက်တွေကြောင့် မိုးဆက်ရွာနေနိုင်သေးတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ အခုအချိန်ဟာ စပါးအပါအဝင် သီးနှံတွေ ရိတ်သိမ်းချိန်ဖြစ်လို့ တောင်သူတွေအနေနဲ့ သတိထားပြင်ဆင်ကြဖို့လည်းသူက တိုက်တွန်းထားပါတယ်။
အခုလဆန်းပိုင်းကပဲ ပဲခူးနဲ့ ကယားပြည်နယ်တို့မှာ မိုးအဆက်မပြတ်ရွာကာ ရေကြီးလို့ ရိတ်သိမ်းခါနီး စပါးခင်းဧကပေါင်း သောင်းချီပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးကုန်ပိုင်း အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မှာ မုန်တိုင်းဝင်ရောက်ခဲ့လို့ ရိပ်သိမ်းခါနီး စပါးခင်းဧက တစ်သိန်းခွဲလောက် ပျက်စီးခဲ့ရပါတယ်။
လာမယ့်နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ဖျက်မိုးတွေ ရွာနိုင်သေးတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းအသိပေးထားပါတယ်။