ဖျာပုံက လူငယ်ခုနစ်ဦး မသေမချင်း သေဒဏ်နှစ်ကြိမ်အပြင် နှစ်ရှည်ထောင်ဒဏ်ပါ ချမှတ်ခံရ

အောက်တိုဘာ၊ ၂၃

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသူတွေထဲက ခုနစ်ဦးကို ဖျာပုံခရိုင်တရားရုံးကလူသတ်မှု၊အကြမ်းဖက်မှုစွဲချက်တွေနဲ့  မသေမချင်းသေဒဏ်နှစ်ကြိမ်အပြင် နှစ်ရှည်ထောင် ဒဏ်တွေပါ ချမှတ်လိုက်တယ်လို့ ဧရာ၀တီလူငယ်များသမဂ္ဂ(AYU) သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်လေး ကပြောပါတယ်။

Black  Dragon Force Pyapon (BDFP) တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခံထားရသူတွေထဲက လူငယ်ခုနစ်ဦးကို စစ်ကောင် စီရဲ့ဖျာပုံခရိုင်တရားရုံးကအောက်တိုဘာ ၂၁ရက်မှာ လူသတ်မှုပုဒ်မ ၃၀၂(၁)(ခ)အတွက် သေဒဏ် တကြိမ်၊ရာဇသတ်ကြီးဥပေဒေပုဒ်မ ၁၀၉ အားပေးကူညီမှုအတွက် သေဒဏ်တကြိမ်ချမှတ်ခဲ့တာပါ။

ရာဇသတ်ကြီးပုဒ်မ ၁၀၉ ဟာ ပြစ်မှုတခုကို အားပေးကူညီကြောင်းစွပ်စွဲခံရသူတွေကိုချမှတ်ဖို့ သီးခြားပြစ်ဒဏ် သတ်မှတ်ချက်မရှိရင် သူပါဝင်ပတ်သက်ခဲ့တဲ့ ပြစ်မှုရဲ့ပြစ်ဒဏ်ကိုပဲ ချမှတ်ဖို့ပြဌာန်းထားတဲ့ပုဒ်မတခုဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီလူငယ်ခုနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်မှုဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)တို့နဲ့လည်း နောက် ထပ် ထောင်ဒဏ် နှစ် ၆၀ စီ ချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ဘယ်လိုပဲ ပုဒ်မတွေနဲ့ စွဲစွဲ၊ ဘယ်လိုပဲ ပြစ်ဒဏ်တွေ ချမှတ်နေပါစေ ပြည်သူလူထုကတော့ ဖက်ဆစ်စစ်အုပ်စုကို တော်လှန်နေမှာပဲဖြစ်တယ်”လို့ကိုအောင်လေးက ပြောပါတယ်။

စစ်ကောင်စီက အဲ့ဒီလူငယ်တွေကို ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ဖျာပုံမြို့မှာဖြစ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအတွက် လူသတ်မှု၊အားပေးကူညီမှုတွေနဲ့စွဲဆိုထားတာပါ။

“ပြည်သူလူထုကို သူတို့ မရမကကို ဖိနှိပ်နေတယ်ဆိုတာ၊သူတို့ရဲ့အကြောက်တရားက သူတို့ကို သူတို့ ပြန်စိုးမိုး နေပြီဆိုတာကို ပြောနေခြင်းပဲဖြစ်တယ်” အခုလိုပြစ်ဒဏ်တွေချမှတ်တာနဲ့ပတ်သက်လို့ ကိုအောင်လေးက မှတ် ချက်ပြုပါတယ်။

 ဒီလိုမတရားသေဒဏ်ချမှတ်တဲ့အပေါ် ရှုတ်ချသလို အမိန့်ချမှတ်ခဲ့တဲ့ ဖျာပုံခရိုင်တရားသူကြီးဒေါ်သူဇာအေး အပါ အဝင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းတယ်လို့ AYUအပါအဝင် ဧရာဝတီတိုင်း အခြေစိုက်တော်လှန်ရေးအင်အားစုနှစ်ခုကပူးတွဲထုတ်ပြန်ထားပါတယ်။

ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးဟာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဧရာဝတီတိုင်း ဒေသခံအ များ အပြားကို သေဒဏ်အမိန့်တွေဆက်တိုက်ချမှတ်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

အချက်အလက်အခြေပြု သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ISP မြန်မာက ၂၀၂၁ ခုနှစ်အတွင်းထုတ်ပြန်ခဲ့တဲ့ စစ် တမ်းတခုအရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေကို သေဒဏ်ချမှတ်ရာမှာ လူသတ်မှု ပုဒ်မ ၃၀၂ကို လည်း အသုံးချလေ့ရှိတယ် လို့ ဖော်ပြထားပါတယ်။

“တရားသူကြီးရဲ့ ဆင်ခြင်တုံတရားဆိုတာ မရှိတော့ဘူး၊အပေါ်က စစ်တပ်က အမိန့်ချခိုင်းသလို ချနေကြရတာပေ့ါ၊ လူသတ်မှုနဲ့ သေဒဏ်နှစ်ကြိမ်ပေးတယ်ဆိုတာကတော့ ပေးချင်လို့ကို ပေးနေတယ်လို့ပဲ ပြောရမှာ”လို့ လုပ်သက် နှစ်သုံးဆယ်ကျော်ရှိတဲ့ ဝါရင့်တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

ဖျာပုံမြို့အခြေစိုက်ပြီး တော်လှန်ရေး လှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ Black  Dragon Force Pyapon တပ်ဖွဲ့ဝင်တွေလို့ဆို ကာ အမျိုးသမီးတဦးအပါအဝင် စုစုပေါင်း ၁၄ ဦးကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ဩဂုတ်လနဲ့စက်တင်ဘာလတွေ အ တွင်းဖမ်း ဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတပ်ဖွဲ့ဟာ ဧရာဝတီတိုင်း ဖျာပုံနဲ့ မအူပင်မြို့နယ်‌တွေအတွင်းစစ်ကောင်စီနဲ့ သက် ဆိုင်တဲ့နေရာတွေနဲ့ လူ ပုဂ္ဂိလ်တချို့ကို တိုက်ခိုက်မှုတွေလုပ်ခဲ့ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အခုသေဒဏ်ချမှတ်ခံရသူခုနစ်ဦးထဲမှာ လုပ်ကြံသတ်ဖြတ်မှုတွေကိုဦးဆောင်သူလို့ စစ်ကောင်စီက စွပ်စွဲထားတဲ့ ကိုစံလင်းစံနဲ့အတူ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ မောင်ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နဲ့ကို ၀ဏ္ဏ ထွန်းတို့ပါဝင်ပါတယ်။

အဲ့ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ BDFP တပ်ဖွဲ့ဝင်ဆိုသူ ၁၄ဦး၊မအူပင် PDF တပ်ဖွဲ့ဝင်လို့ဆိုသူ ငါးဦး စုစုပေါင်း ၁၉ဦးကို တဆက်တည်း ကွင်းဆက်လိုက်ဖမ်းမိခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်အထိ အဲ့ဒီ ၁၉ဦးထဲက ၁၄ဦးကို စစ်ကောင်စီက သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားပြီး နောက်ထပ် ငါးဦးကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

 စစ်တပ်အာဏာသိမ်းပြီးနောက် အောက်တိုဘာ ၂၀ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲအကျဉ်းသား ၁၉၆,၀၀ ကျော်ရှိပြီး အဲ့ဒီအထဲက ၁၅၆ဦးကတော့ သေဒဏ်တွေချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။