အရှက်ကွဲစရာ အရှုပ်တော်ပုံ ကြုံနေတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အီတလီ ဝန်ကြီးချုပ်

အောက်တိုဘာ၊ ၂၁

အီတလီ ​ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီဟာ အမျိုးသမီး တဦးကို ရိုင်းပျပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ စကားတွေ လူသိရှင်ကြား ပြောခဲ့သူ ချစ်သူနဲ့ လမ်းခွဲလိုက်ကြောင်း သိရပါတယ်။

ရုပ်မြင်သံကြား သတင်းထောက် အန်ဒရီရာ ဂီယမ်ဘရူနိုဟာ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး တဦးရှေ့မှာ ကိုယ့်ပေါင်ကြားကို ထိကိုင်ပြရင်း အုပ်စုဖွဲ့ ချစ်ရည်လူးတာတွေ လုပ်မလား ဆိုတာမျိုး ညစ်ညမ်းတဲ့ စကားတွေ ပြောဆိုခဲ့ကြောင်း စွပ်စွဲ ခံနေရပါတယ်။ ဒီပြဿနာကြောင့် သူ့ရဲ့ မိခင် ရုပ်မြင်သံကြား ဌာနကလည်း ဂီယမ်ဘရူနိုကို အလုပ်တာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

အီတလီ နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မယ်လိုနီက အခု သီတင်းပတ်ကုန်မှာတော့ ဂီယမ်ဘရူနိုနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ ၇ နှစ်အရွယ် သမီးလေးတဦး ရှိပါတယ်။

သူနဲ့ ဂီယမ်ဘရူနိုတို့ရဲ့ ဆက်ဆံရေးဟာ ၁၀ နှစ်နီးပါးလောက် တည်မြဲခဲ့ပေမယ့် အခုတော့ ဆုံးခန်းတိုင်သွားပြီဖြစ်ကြောင်း မယ်လိုနီက သူ့ချစ်သူ(ဟောင်း)ရဲ့ မဖွယ်မရာ ဗီဒီယို ထွက်ပေါ်လာပြီး ၂ ရက်အကြာမှာ ထုတ်ပြန်ခဲ့တာပါ။

ထူးခြားကောင်းမွန်တဲ့ နှစ်ကာလ အတော်များများ အတူတကွ ဖြတ်သန်းခွင့် ရခဲ့တဲ့အတွက်၊ သူနဲ့ သမီးဖြစ်သူ ဂျင်နက်ဗ်ရာတို့ရဲ့ ဘဝမှာ အရေးအပါဆုံး အစိတ်အပိုင်းအဖြစ် ရပ်တည်ပေးခဲ့တဲ့အတွက် ဂီယမ်ဘရူနိုကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ဝန်ကြီးချုပ်က ရေးသားထားခဲ့ပါတယ်။

မယ်လိုနီက ဂီယမ်ဘရူနို လက်ရှိ ကြုံနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ဂီယမ်ဘရူနိုရဲ့ အေးဂျင့်က လက်ရှိ အရှက်တကွဲ ကိစ္စကို မဖြေရှင်းနိုင်သေးသ၍ သူအဓိက တာဝန်ယူထားတဲ့ ရုပ်မြင်သံကြား အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ Mediasetနဲ့ သဘောတူညီမှု ရယူထားတယ်လို့ အတည်ပြုသွားပါတယ်။