မိုးကုတ်မြို့ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ၊ သက်ကြီး အမျိုးသားတဦး ဒဏ်ရာရ

အောက်တိုဘာ ၊ ၂၁

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း ကျေးရွာအနီးကို စစ်ကောင်စီတပ်က ဒီကနေ့ ညနေလေး နာရီ ဝန်းကျင်မှာတိုက်ပွဲမရှိဘဲလေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ရှစ်ဆယ်ကျော်အရွယ်သက်ကြီးအမျိုးသားတဦး ဒဏ်ရာ ရသွားတယ်လို့ မိုးကုတ်ဒေသခံ အမျိုးသား တဦးကပြောပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွာခံ အဘိုးအိုရဲ့ပေါင်မှာ လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားတာလို့ သိရပါတယ်။

“မစိုးရိမ်ရပေမယ့် မိုင်းလုံဆေးရုံကိုပို့ထားရတယ်” လို့ မိုးကုတ်ဒေသခံအမျိုးသားကပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ကုန်းကျေးရွာက နေအိမ်နှစ်လုံးနဲ့ ထရမ်စဖော်မာ အိုးလည်း ပျက်စီးသွားသလို ဖြူရောင်ကျေးရွာက နေအိမ်တလုံးလည်း ပျက်စီးသွားတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ မနေ့ကလည်း မူဆယ်မြို့နယ် တီမားရွာအနီးနဲ့ လွယ်မောက်တောင်တွေအနီးကို တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာလေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA ကဒီကနေ့ မနက်ပိုင်းမှာထုတ်ပြန် ထားပါတယ်။

မိုးကုတ်မြို့နယ်မှာ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးကာလေးဦးဒဏ်ရာ ရခဲ့တယ်လို့ TNLA က ဆိုပါတယ်။

TNLA တပ်မဟာ(၂) တပ်ဖွဲ့တွေလှုပ်ရှားတဲ့ အဲ့ဒီဒေသကို စစ်ကောင်စီက အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာ တာကြောင့် မနေ့က မနက် ၁၁နာရီကနေ နေ့လယ် နှစ်နာရီအထိ သုံးနာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေအသုံးပြုတိုက်ခိုက်ခဲ့သလို ညပိုင်းအထိ လေယာဉ်တွေပျံဝဲ လာတာမျိုးရှိပေမယ့် မနေ့ကတော့ လေကြောင်းတိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့ မိုးကုတ်ဒေသခံတဦးကပြောပါတယ်။

“အကုန်လုံးကလည်း ကြောက်နေကြတာ၊ဒီကနေ့အထိကို လေယာဉ်တွေ ဝဲနေတုန်းပဲလို ” လို့ မိုးကုတ်မြို့ ဒေသခံ တဦးက ဒီကနေ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်မှာ DNA ကို ပြောပါတယ်။

မနေ့ကတိုက်ပွဲအတွင်း အောက်ညောင်ကုန်းရွာနဲ့ ဖြူရောင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ၆၀ မမ ၊ RPG-7 လက်နက်ကြီးတွေနဲ့ အကြိမ် သုံးဆယ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ ပက်သက်ပြီး DNA က TNLA ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေး ပါဘူး။

မိုးကုတ်မြို့နဲ့ လေးမိုင်ခန့်အကွာ ဖြူရောင်ရွာနဲ့ အထက်ညောင်ကုန်း ကျေးရွာတွေအနီး မိုးကုတ်- ကျောက်မဲ သွားကားလမ်းမ တဝိုက်မှာ တအာင်းတပ်ဖွဲ့တွေနဲ့အတူ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင် စီတပ်တွေကြား ပြီးခဲ့စက်တင်ဘာလဆန်းပိုင်းကတည်းကစလို့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ထောင်နဲ့ချီ မိုးကုတ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနဲ့ ဆွေးနီးစပ်တော်သူတွေ အိမ်မှာ စစ်ရှောင်ခဲ့ရပြီးလက်ရှိမှာတော့ နေရပ်ကို ပြန်လည် နေထိုင်သူတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်ဖွဲ့တွေကြား အခုလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်တဲ့မူဆယ်၊ လားရှိုး မြို့နယ်တွေနဲ့ မိုးကုတ်ဒေသတို့မှာ တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ခဲ့တယ်လို့ TNLAကဆိုပါတယ်။