ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်စွဲတဲ့နေရာလေးခု တပြိုင်တည်း တိုက်ခိုက်ခံရ

အောက်တိုဘာ ၊ ၂၁

ချင်းပြည်နယ် ၊ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ရဲတွေရဲ့ အထိုင်စခန်း လေးခုကို မနေ့ မနက်ပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က နှစ်ဦး သေဆုံးသွားတယ်လို့ CDF-Kanpetlet တပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“မျက်မြင် နှစ်ယောက်ရလိုက်တယ် စခန်းတွေကို တပြိုင်တည်းတိုက်တာဆိုတော့ ခဲယမ်းတော့ အတော်သုံးလိုက် ရတယ်ဗျ ” လို့ သူကဆိုပါတယ်။

ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ ခြေကုပ်ယူတပ်စွဲထားတဲ့ အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင်စေတီနဲ့ မြို့နယ် ပညာရေးမှူးရုံး တို့ကို မနေ့က မနက် ၆ နာရီမှာတပြိုင်တည်း စ တင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန်ငါးနာရီဝန်းကျင်လောက်ကြာခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိပြီး တော်လှန်ရေး အင်အားစုတွေ ဘက်က အထိအခိုက်မရှိဘူးလို့ CDF-Kanpetlet တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်တွေက မြို့အတွင်းမှာ စစ်ဆေးရေး တင်းကျပ်ထားသလို အနီးအနား ကျေး ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ပေါ်ရှိ မြို့မရဲစခန်း၊ ရန်အောင်စေတီ ဘုန်းကြီးကျောင်း၊ အထ က(၁) ကျောင်း၊ ပညာရေးမှူးရုံး နဲ့ထွေအုပ်ရုံး စတဲ့ နေရာငါးခုမှာ အထိုင်ချ တပ်စွဲထားတယ်လို့ CDF-Kanpetlet တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် ကန်ပက်လက်မြို့အတွင်း စစ်ရေးအရ တင်းမာနေဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင် တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေကြဖို့ CDF- Kanpetlet က ဒေသခံတွေကို အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်ကလည်း ကန်ပက်လက်မြို့ပေါ်ရှိ ထွေအုပ်ရုံးနဲ့ ပညာရေးမှူးရုံးမှာ အထိုင်ချ ထားတဲ့ စစ်အုပ်စုကို CDF တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့်စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့ ပါသေး တယ်။