စစ်ကိုင်းမှာ PDF တဦးနဲ့ ဒေသခံတဦး သတ်ဖြတ်ခံရပြီး နေအိမ်ရှစ်လုံးလည်း မီးရှို့ခံရ

အောက်တိုဘာ၊ ၁၉
 
စစ်ကိုင်းမြို့ အနောက်ဘက် စစ်ကိုင်း-ရွှေဘို သွားကားလမ်းမပေါ်က ကျော်ဇေယျာ ကျေးရွာကို စစ်ကောင်စီတပ်တွေ မနေ့က မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေအိမ် ရှစ်လုံးမီးရှို့ ဖျက်ဆီးသွားသလို PDF တဦးနဲ့ ဒေသခံတဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
 
“ မနက် ဝေလီဝေလင်းအချိန် ဝင်လာတာဆိုတော့ ရွာခံတွေက ကိုယ်လွတ်ပြေးရတာပေါ့၊ ဘာပစ္စည်းမှ သယ်ချိန် မရလိုက်ဘူး၊ ကျန်ခဲ့တဲ့ ရွှေထည် ပစ္စည်းတွေလည်း အကုန်ယူသွားကြတယ် ” လို့ သူကပြောပါတယ်။
 
စစ်ကောင်စီတပ်က သတ်ဖြတ်သွားသူနှစ်ဦးရဲ့ရုပ်အလောင်းတွေကို ရွာအနောက်ပိုင်းက ရေကန်အနီးမှာ တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၂၀ ကျော်အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးနဲ့ အသက် ၅၀ ကျော်အရွယ် ဒေသခံ အမျိုးသားတဦး ဖြစ်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သူ နှစ်ဦးဟာ ရွာအနောက်ဘက်ရေကန်မှာ ရေချိုးနေချိန် ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောကြပါတယ်။
 
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ကျော်ဇေယျာကျေးရွာအနီး သတင်းအရ နယ်မြေလုံခြုံရေး ဆောင်ရွက်နေချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ PDF နှစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။
 
သူတို့နဲ့အတူ ပစ္စတို သေနတ် တလက်အပါအဝင် စကားပြောစက် နှစ်လုံး၊ ဆိုင်ကယ် တစီးနဲ့ ကျည်ဆံ တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် အဲဒီတယ်လီဂရမ်ချန်နယ်တွေက ဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲ သေဆုံးသူ အမျိုးသားနှစ်ဦးဟာ အပေါ် ပိုင်း အကျီမပါသလို ခန္ဓာကိုယ်မှာ ရေစိုနေတာကိုလည်း တွေ့ရပါတယ်။
 
အာဏာသိမ်းမှု စတင်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ လက်ရှိ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်အထိ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူပေါင်း ၄၁၅၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
 
စစ်ကိုင်းမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကျေးရွာကို မနေ့က အောက်တိုဘာလ ၁၈ ရက် မနက်အစောပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့တာတွေ လုပ်ပြီးနောက် ဒီကနေ့ ညနေပိုင်းမှာတော့ ရွာက ပြန်ထွက်သွားပြီလို့ သိရပါတယ်။
 
“ ရွာက ကားလမ်းမဘေးက ရွာဆိုတော့ အတော်သင့် စည်တယ်လို့ ပြောလို့ရတယ်၊ အဲဒါကို အိမ်ကောင်းတွေကို မီးရှို့သွားတယ် ” လို့ စစ်ကိုင်းမြို့နယ် ပကဖအဖွဲ့ဝင်က ပြောပါတယ်။
 
အဲဒီလို စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်တဲ့အတွက် ဒေသခံ တထောင်ကျော်လောက်ဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်ရွာထဲကို ပြန်မဝင်နိုင်သေးဘူးလို့ ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media