ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ နှစ်ရက်ဆက် ယာဥ်ကြောပိတ်ပြီး ကားအစီးရေရာချီ ပိတ်မိနေ

မတ်၊ ၂၀

ရန်ကုန်-မော်လမြိုင်လမ်း ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည်စစ်ဆေးဂိတ်မှာ မတ်လ (၁၉)ရက်မနေ့ကစလို့ ဒီကနေ့အထိ နှစ်ရက်ဆက်ယာဥ်ကြောပိတ်ဆို့နေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း ကားအစီးရေ ရာချီပိတ်မိနေတယ်လို့ အဝေးယာဥ်မောင်းတွေဆီကသိရပါတယ်။

“မနေ့က စပိတ်နေတာ ကားလေးတွေက အတင်းဝင်တိုးနေကျတော့ အရမ်းကျပ်သွားတာ၊ အခုက လူနာ တင်ယာဉ်တွေတောင်ထွက်မရတော့ဘူး၊ ကားကြီးသမားတွေဆို လှုပ်လို့ကိုမရဘူး၊ လမ်းကနှစ်ဖက်လုံးပိတ်သွားတာ သွားလို့သာမရတာ ကားအစီးရေကပိုများလာတယ်၊ ကားတွေအားလုံးဒီမှာလာစုနေသလို ဖြစ်နေတယ်လို့”ရန်ကုန်- မြဝတီပြေးဆွဲနေသော ယာဉ်မောင်း တဦးက DNA ကိုပြောပါတယ်

အဲ့ဒီစစ်ဆေးဂိတ်ဟာ လက်နက်ကိုင်တော်လှန်ရေး သမားများ လက်နက်သယ်ဆောင်တဲ့ အဓိကလမ်းလို့ဆိုကာ စစ်ကောင်စီကX-ray စက်ကြီးတွေနဲ့ စစ်ဆေးတာ၊ အဝေးပြေးကားတွေပေါ်က ခရီးသည်တွေကိုတဦးချင်းလမ်းလျှောက်ဖြတ်သန်းစေတာ တွေကြောင့် ကားတစီးစစ်ဆေးချိန် နာရီဝက်လောက်ကြာတတ်တယ်လို့သိရပါတယ်။

“Ambulance (လူနာတင်ယာဉ်)တွေပါထွက်မရတော့ဘူ၊ အရေးပေါ်လူနာနဲ့ အောက်စီဂျင်ပေးထားရတဲ့သူတွေဆို ဒီနားမှာတင်ဒုက္ခရောက်သွားနိုင်တယ်၊ ကားတန်းက လမ်းဖက်ခြမ်းစီမှာ လေးမိုင်ငါးမိုင်လောက်ထိကိုပိတ်နေတာ လမ်းချပေးချင်တဲ့သူရှိလည်း ကားတွေက လှုပ်ကိုမရတော့ ရှေ့ဆက်တိုးလို့မရတော့ဘူး၊ နောက်တခါ ဒီလမ်းကြောင်း အကူအညီတောင်းတဲ့သူရှိရင်တော့ လူနာအခြေအနေနဲ့ လူနာရှင်တွေကိုပြောပြပြီးမှ ကူညီလို့ရတယ်တော့မယ်”လို့ရန်ကုန်ဆေးရုံကြီးကို လူနာလာပို့တဲ့ မွန်ပြည်နယ်အခြေစိုက် ပရဟိတ အသင်းတခုရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

မော်လမြိုင်ဘက်လာတဲ့ကားတွေဟာ အရင်ကယာဥ်ကြောနှစ်ထပ်သာပိတ်ဆို့မှုရှိခဲ့တာ ဖြစ်ပြီး အခုတကြိမ်မှာ ယာဉ်ကြောငါးထပ်လောက်အထိ ပိတ်ဆို့နေတဲ့အတွက်ကုန်ကားကြီးတွေထွက်နိုင်ဖို့ နောက် ထပ် နှစ်ရက်လောက်စောင့်ရမယ့် အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။

“မနေ့ညနေထဲက တန်းစီနေတာ ရှေ့ကိုနည်းနည်းတောင်မရောက်ဘူး၊ ည ဆယ်နာရီဆို ပိတ်ပြီ၊ မနက်လေးနာရီမှ ပြန်ဖွင့်တော့ ဒီ‌နားမှာ ကားတွေပုံနေတာ ကားလေးတွေကလည်း ရသလောက်တိုးနေတော့ လမ်းကပိတ်ပြီ၊ကျွန်တော်တို့ကုန်ကားသမားတွေ တော်တော်နဲ့ဖြတ်ရမယ် မထင်ဘူးလို့”ကုန်ကား ယာဉ်မောင်း တဦးကပြောပါတယ်။

ဓာတ်ပုံ – CJ