လောင်းလုံးမှာ စစ်ကောင်စီတပ်ရန်ကြောင့် ရာဘာစေးခြစ်တဲ့ လုပ်ငန်းတချို့ မစနိုင်သေး

အောက်တိုဘာ၊ ၁၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရန်ကြောင့် ရာဘာစေးခြစ်တဲ့ လုပ်ငန်းတချို့ မစတင်နိုင်သေးဘူးလို့ ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

“ခြုံတောင်ဝင်ရှင်းလို့ မရဲဘူး၊ သူတို့(စစ်တပ်)က အခန့်မသင့်ရင် ပစ်နေတာ၊ နေ့ဘက်တောင် မဝင်ရဲတာ ညဘက်တော့ ပိုအဆင်မပြေတာပေါ့၊ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံဆိုတော့ မခြစ်တော့ဘဲ ထားထားလိုက်တာ” လို့ ရာဘာခြံလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသားတဦးက DNA ကို ပြောပါတယ်။

ပုံမှန်အားဖြင့်တော့ ရာဘာစေးခြစ်တဲ့ လုပ်ငန်းကို အခုလို သီတင်းကျွတ်လကနေ တန်ခူးလလောက်အထိ ခြောက်လကျော်လောက် လုပ်ကိုင်ကြပါတယ်။

စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်၊ သဲပုံရွာအနီးရှိ သဲပုံတောင်မှာ အခုနှစ် မေလလောက်ကတည်းက တပ်စွဲထားတာဖြစ်ပြီး အနီးအနားတဝိုက်ကို လက်နက်ကြီးပစ်ခတ်လေ့ရှိတာကြောင့် လက်ရှိမှာ ခြုံရှင်းတာ၊ ရာဘာစေးစခြစ်တာတွေ လုပ်ချိန်ရောက်နေပြီဖြစ်ပေမယ့် ရာဘာခြံအလုပ်သမားတွေ လုပ်ငန်းခွင် မဝင်ရဲဘဲ ဖြစ်နေကြတာပါ။

ထားဝယ်မြို့နဲ့ သုံးမိုင်ခန့်အကွာမှာရှိတဲ့ အဲဒီ သဲပုံတောင်ရဲ့ တောင်ခြေတဝိုက်မှာတော့ အနီးအနားရွာတွေဖြစ်တဲ့ သဲပုံ၊ အင်းဝန်း၊ သာယာကုန်း၊ မင်းရပ် ရွာတွေက ရွာခံတွေရဲ့ ရာဘာခြံ ဧက နှစ်ရာဝန်းကျင်ရှိပြီး လက်ရှိမှာတော့ အားလုံးနီးပါး လုပ်ငန်းမစတင်နိုင်သေးဘူးလို့ သိရပါတယ်။

“စစ်တပ်က သူတို့ မိုင်းထောင်ထားလို့ အဲဘက်မလာကြဖို့ တချို့ခြံရှင်တွေကိုပြောထားတယ်ကြားတယ်၊ တကယ်ထောင်လား မထောင်ဘူးလားတော့ မသိဘူး၊ သူတို့အဲလိုပြောတော့ ခြစ်လို့ရနေပြီဖြစ်ပေမယ့် မခြစ်ဘဲ ထားထားရတာပေါ့” လို့ ရာဘာခြံလုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

ရာဘာစေးခြစ်တဲ့ လုပ်ငန်းဟာ ညသန်းခေါင်ချိန်တွေမှာ ဓာတ်မီးထွန်းပြီး လုပ်ရတာကြောင့် မီးရောင်မြင်တဲ့အချိန် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်ကြပါတယ်။

သဲပုံတောင်မှာ တပ်စွဲထားတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုလ ပထမအပတ်ထဲမှာပဲ မင်းရပ်ရွာထဲကို လက်နက်ကြီးတွေနဲ့ လေးကြိမ်ထက်မနည်း ပစ်ခတ်လို့ လူနေအိမ်တွေ အနီးအနားတဝိုက်မှာပဲ ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

တဖက်မှာလည်း အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ဖူးပြီး ဘယ်နေရာကနေ တိုက်ခိုက်တာလဲဆိုတာကိုတော့ မသိရပါဘူး။

လက်ရှိမှာတော့ အခုလို လုပ်ငန်းခွင် မဝင်ရဲတာကြောင့် ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူတချို့ အလုပ်လက်မဲ့ ဖြစ်နေကြတာတွေရှိပြီး ဝင်ငွေထိခိုက်မှုတွေလည်း ရှိနေကြပါတယ်။

“ကျနော်တို့ခြံမှာဆို တရက် ၁၅ ပြား(ရာဘာပြား)လောက်ထွက်တယ်၊ အခုစျေးနဲ့ဆို တသိန်းလောက်ရှိတာပေါ့၊ အခုတော့ အကုန်ပစ်ထားရတာတော့ တရက်ကို တသိန်းလောက် ဆုံးရှုံးနေမှာပေါ့” လို့ ရာဘာခြံ ခြောက် ဧကလောက် ပိုင်ဆိုင်တဲ့ မင်းရပ်ရွာခံ အမျိုးသားတဦးက ပြောပါတယ်။

လက်ရှိ ထားဝယ်ဒေသအတွင်းမှာတော့ ရာဘာပြား အလေးချိန် တပေါင်ကို စျေနှုန်း တထောင့်ခြောက်ရာ ဝန်းကျင်ရှိပြီး ဒေသခံအများစု ထုတ်လုပ်ရောင်းချကြတဲ့  ရာဘာပြားတွေကတော့ တပြားကို အလေးချိန် သုံးပေါင်ကနေ လေးပေါင်ကြားအထိ ရှိကြပါတယ်။

လောင်းလုံးမြို့နယ်ထဲက ရာဘာစေးခြစ်တဲ့ လုပ်ငန်းတွေမှာ ရာဘာခြံပိုင်ရှင် မိသားစုတွေကိုယ်တိုင် တပိုင်တနိုင် လုပ်ကိုင်ကြတာတွေရှိသလို တချို့ကလည်း အငှားအလုပ်သမားတွေနဲ့ လုပ်ကိုင်ကြပါတယ်။

“(အခြေအနေ)အေးသွားမယ်ဆိုရင်တော့ အလုပ် ပြန်လုပ်လို့ရသွားမလား မျှော်ကိုးပြီးနေနေကြတာပေါ့၊ ကိုယ်ပိုင်အလုပ်ရှိရက်သားနဲ့ သူများကူလီလည်း မလုပ်ချင်ဘူး၊ အခုချိန်မှာ အလုပ်ကလည်း ရှားပါး” လို့လည်း အထက်ပါ အမျိုးသားက ပြောပါတယ်။

အလားတူပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ တနင်္သာရီတိုင်းထဲက ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်တွေမှာလည်း ရာဘာခြံလုပ်ငန်းတွေကို ရပ်နားထားကြတာတွေရှိပြီး တချို့နေရာတွေမှာတော့ စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်ရမှ လုပ်ကိုင်လို့ ရတာတွေလည်း ရှိနေပါတယ်။