အိန္ဒိယက အဝယ်ရပ်လို့ ကွမ်းသီးဈေး ထက်ဝက်ကျော်ကျပြီး ကွမ်းသီးစိုက်သူတွေ အရှုံးပေါ်

အောက်တိုဘာ ၊ ၁၉

ပြည်တွင်းထွက် ကွမ်းသီးတွေကို အဓိကတင်ပို့နေရတဲ့ အိန္ဒိယနိုင်ငံက မြန်မာကွမ်းသီးတွေ အဝယ် မရှိတော့ တာ ကြောင့် ဈေးထက်ဝက်လောက်ကျပြီး အရှုံးပေါ်နေတယ်လို့ ကွမ်းသီးစိုက်တောင်သူတွေနဲ့ကွမ်းသီး အရောင်းဒိုင် တွေ ကပြောပါတယ်။

“အိန္ဒိယဘက်က အဝယ်မရှိတော့ဘူး၊ပိတ်ထားတယ်ပြောတယ်၊သူတို့က မဝယ်တာ၊ဈေးကွက်မရှိတော့ ခု ကြိုက် ရောင်း၊ကြိုက်ဝယ်ပုံစံနဲ့ပဲ ရောင်းဝယ်နေကြတယ်” လို့ မော်လမြိုင်မြို့နယ်မှာ ကွမ်းသီးခြောက် ရောင်းဝယ်ရေးဒိုင် လုပ်ကိုင်နေသူတဦးက DNA ကို ပြောပါတယ်။

 ပြီးခဲ့တဲ့ နှစ်က ကွမ်းသီးတပိဿာကို ကျပ်ငါးထောင်ဝန်းကျင်ရှိခဲ့ပေမယ့် အခုမှာတော့နှစ်ထောင်ကျပ်ဝန်းကျင်သာ ပေါက်စျေးရှိနေတယ်လို့သိရပါတယ်။

“ကွမ်းသီးဈေးက သုံးထောင်ကျော်လောက်ရမှ အခု အိတ်စိုက်ထားတဲ့ ကုန်ကျစရိတ်တွေ ပြန်ရမှာ၊ အခုဈေးနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ရှုံးတာပေါ့၊အမတို့ဆို ဟိုတလောက တပိဿာကို ၁,၅၀၀ ဈေးနဲ့ အရှုံးခံပြီး ရောင်းလိုက် ရတာ” လို့ရေးမြို့နယ်မှာ ကွမ်းသီး ရှစ်ဧက စိုက်ပျိုးထားသူတဦးက ပြောပါတယ်။

ဒီလိုဈေးနှုန်းကျဆင်းသွားတာကြောင့် ဈေးကွက်အတွင်းကွမ်းသီးအဝယ်အေးနေပြီး  အခုလအစောပိုင်းက အ ရောင်းအဝယ်အနည်းငယ်ရှိနေပေမယ့် အခုရက်ပိုင်းအတွင်းမှာ ကွမ်းသီးခြောက် ဝယ်ယူသူတွေ မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဒိုင်တွေအားလုံးနီးပါးလိုလိုမဝယ်တော့ဘူး၊ပုံမှန်ဆို ဒိုင်တွေက ဝယ်သို လှောင်ထားတာရှိတယ်၊အခုကသူတို့ တွေ က မဝယ်တော့တာ၊ဈေးရတဲ့အချိန်မှဆိုရင် အပျက်အစီးများလာမှာ စိုးလို့ ဖြစ်မယ်” လို့ သံဖြူဇရပ်မြို့နယ်က ကွမ်း သီးပင် နှစ်ထောင်ကျော် စိုက်ပျိုးထားသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံကကွမ်းသီးခြောက်တွေကို တင်သွင်းနေတဲ့ အိန္ဒိယနိုင်ငံက ကွမ်းသီးအခွန်ကို တန်ဖိုးရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းလောက်အထိ အဆမတန်မြှင့်တင်လိုက်တဲ့အတွက်အဝယ်ရပ်ပြီး အခုလို စျေးနှုန်းတွေ ကျဆင်းသွား တာ လို့ ကွမ်းစိုက်တောင်သူတွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေကဆိုပါတယ်။

အရင်ကတော့ အိန္ဒိယကို ကွမ်းသီးတင်ပို့မှုအတွက် အခွန်ကင်းလွတ်ခွင့်ရခဲ့တာလို့ ကွမ်းသီးလုပ်ငန်းကို နှစ်ပေါင်း တရာဝန်းကျင် ဆွေစဉ်မျိုးဆက်လုပ်ကိုင်လာတဲ့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တဦးက ပြောပါတယ်။

အိမ်နီးချင်း ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကထွက်တဲ့ ကွမ်းသီးတွေကိုလည်း အိန္ဒိယနိုင်ငံဘက်ကိုမြန်မာနိုင်ငံ နည်း တူ တင်သွင်းနေပေမယ့် အခွန်ကင်းလွတ်ခွင့်မရဘဲ အိန္ဒိယအစိုးရဘက်က သတ်မှတ်ထားတဲ့ အခွန်နှုန်းထားနဲ့ တင်သွင်းနေရတာ ဖြစ်ပါတယ်။

အဲဒီအပြင် ထိုင်း၊ အင်ဒိုစတဲ့ နိုင်ငံတွေက ထွက်တဲ့ ကွမ်းသီးတွေဟာ အရည်အသွေးအားဖြင့် မြန်မာကွမ်းသီးနဲ့ နှိုင်း ယှဉ်လို့မရ သလို ဈေးကောင်းလည်း မရဘူးလို့ဆိုပါတယ်။

ဒါကြောင့် ထိုင်း၊အင်ဒိုနီးရှားတို့က ထွက်တဲ့ ကွမ်းသီးတွေကို တရားမဝင်နယ်စပ်လမ်းကနေ မြန်မာပြည်ကို တင်ပို့ ပြီးမှ မြန်မာကွမ်းသီးအဖြစ် နာမည်ခံပြန်တင်ပို့တာတွေရှိလာတဲ့နောက် အိန္ဒိယအစိုးရက မြန်မာဘက်က ကွမ်း သီးတွေကိုလည်း အခွန်နှုန်း အဆမတန်မြှင့်တင်လိုက်တာလို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေကပြောပါတယ်။

အဲ့ဒီလိုတခြားနိုင်ငံကနေ တရားမဝင်နည်းလမ်းနဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး မြန်မာအမည်ခံ ကွမ်းသီးတွေ တင်သွင်း နေတာကို မြန်မာအစိုးရဘက်က သိပေမယ့် ဖမ်းဆီးအရေးယူမှု မရှိသလောက် အားနည်းနေတယ်လို့လည်းသူတို့ ကပြောကြပါတယ်။

“ဒီလိုမျိုး ခိုးလုပ်နေတဲ့ ပြည်တွင်းက ကုန်သည်တချို့ကို ဖော်ထုတ်ပြီး ဖမ်းဆီးစေချင်တယ်၊ဒီလိုမှ မလုပ်ရင် တောင်သူတွေအတွက် ဆုံးရှုံးမှုများတယ်” လို့ ကွမ်းသီးစိုက်တောင်သူတဦးကလည်းပြောပါတယ်။

လက်ရှိမှာ  အိန္ဒိယဘက်က မြန်မာကွမ်းသီးတင်ပို့မှုကိုအခွန်နှုန်းမြှင့်တင်လိုက်သလို  တရားမဝင်တင်ပို့လာတာ တွေကို ဖမ်းဆီးအရေးယူတာတွေလည်းရှိနေပါတယ်။

မြန်မာဘက်က ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ နှစ်နိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်မှာ အခုလ ၇ ရက်ကနေ ၉ရက်အထိ သုံးရက်အတွင်း  မြန်မာဘက်ကဝင်လာပြီး စုစုပေါင်းတန်ဖိုး ကျပ် သိန်းနှစ်သောင်းကျော်လောက်ရှိတဲ့ ကွမ်းသီး ခြောက်အိတ် ၁,၅ဝဝကျော်ကို အာသံရိုင်ဖယ်တပ်နဲ့ အကောက် ခွန်ဌာနတို့ကပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ RFA သတင်းတရပ်မှာဖော်ပြထားပါတယ်။

အရင်ကလည်း အလားတူ မှောင်ခိုတင်ပို့တာတွေရှိနေကျဖြစ်ပေမယ့် လတ်တလောလအနည်းငယ်အတွင်း စစ် ဆေးဖမ်းဆီးမှုတွေ ပိုပြီးတင်းတင်းကျပ်ကျပ် လုပ်လာတယ်လို့လည်း အဲ့ဒီဒေသကိုသွားလာနေတဲ့ကုန်တင်ယာဉ် မောင်းတဦးကိုကိုးကားပြီးသတင်းမှာဖော်ပြထားပါတယ်။