မဟာအောင်မြေမှာ ရာအိမ်မှူး ပစ်သတ်ခံရပြီးနောက် လူငါးဦးထက်မနည်း ဖမ်းဆီးခံရ

အောက်တိုဘာ ၊ ၁၈

မန္တလေးတိုင်း၊  မဟာအောင်မြေမြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်မှာ ရာအိမ်မှူးတဦးပစ်ခတ်ခံရလို့ သေဆုံးအပြီး ဒေသခံ ငါးဦးထက်မနည်းကိုစစ်ကောင်စီလုံခြုံရေးတွေက ဖမ်းဆီးလိုက်ပါတယ်။

‘’ဖမ်းတာတော့ လေးငါးယောက်ရှိပြီ။ ခုလဲ ထပ်ဖမ်းနေတယ်ကြားတယ်’’ လို့ရာအိ်မ်မှူးကို ပစ်ခတ်ခဲ့တဲ့  Generation Z Power တာဝန်ရှိသူက DNA ကိုပြောပါတယ်။

သံလျက်မော်အနောက်ရပ်ကွက်ရှိ အကွက် ၄၀၂ စံပြရပ်ကွက်မှာ နေထိုင်သူ ရာအိမ်မှူးတဦးဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဦး သန်းမင်းဆိုုကို တော်လှန်ရေးအင်အားစု လူငယ်နှစ်ဦးက ပစ်ခတ်လို့သေဆုံးအပြီးမှာ အခုလို ဖမ်းဆီးခံတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ ဘယ်ကိုဖမ်းခေါ်သွားတယ် စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ DNA က မသိရသေးပါဘူး။

Generation Z Power အဖွဲ့က ရာအိမ်မှူး ဦးသန်းမင်းကို တော်လှန်ရေးရဲဘော်တွေရဲ့ တည်နေရာတွေကို သတင်းပေးတာနဲ့လောင်းကစားဝိုင်းထောင်ပြီး ဆပ်ကြေးကောက်ကာ အရပ်သားတွေကိုအနိုင်ကျင့်မှုတွေ လုပ်ဆောင်တယ်လို့စွပ်စွဲပြောဆိုထားပါတယ်။

” သူက အဲဒီမှာ အမြဲလာလာအိပ်တာကို တပ်တွင်းဖရဲသီးက သတင်းပေးလို့ လက်ဖက်ရည်ဆိုင်မှာ အိပ်နေတဲ့အချိန်ပဲ ခေါင်းကို နှစ်ချက်ပစ်ခဲ့တာ ” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ပစ်ခတ်ခံရသူ ဦးသန်းမင်းဆိုသူဟာ သံလျက်မှော်အနောက်ရပ်ကွက်က ရွှေကောင်းမြတ်လက်ဖက်ရည်ဆိုင်မှာ အိပ်နေတဲ့အချိန်မှာ  Luger 9 mm ကျည်နှစ်တောင့်နဲ့ ပစ်ခတ်ခံရကာ လက်ဝဲမျက်လုံးနဲ့ လက်ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

” သူအိပ်နေတဲ့ချိန် လူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ။ ဖြစ်သွားတာက တအားမြန်တာပဲ ဗျာ ” လို့ အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့မျက်မြင်တဦးက ပြောပါတယ်။

အဲဒီလိုပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီလုံခြုံရေးတွေက အခင်းဖြစ်ပွားရာ ဘေးပတ်ဝန်းကျင်ရှိ ၂၆ လမ်း ၊ ၇၄လမ်း ၊ ၇၃လမ်း ၊ ၇၂ လမ်းကြားတွေ အထိ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အရပ်သားငါး ဦး ကို အော်ဟစ်ဆဲဆို ရိုက်နှက်ဖမ်းဆီးထားတယ်လို့ Generation Z Power တာဝန်ရှိသူကဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်ကလည်း အောင်မြေသာစံမြို့နယ် အမှတ် ၄ ရဲစခန်းမှာ တာ ဝန်ထမ်းဆောင်နေသော နယ်ထိန်းရဲတဦးကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။