ဘီးလင်းမြို့မှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက် တိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးမှုရှိဟုဆို

အောက်တိုဘာ၊ ၁၈
 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားလို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
စစ်သားနဲ့ ရဲ အင်အား သုံးဆယ်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို အောက်တိုဘာလ ၁၇ ရက်၊ မနက် ၉ နာရီခွဲခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
 
“ သူပစ်ကိုယ်ပစ်ပဲ။ ကျွန်တော်တို့က အသင့်စောင့်ကြိုနေတာဆိုတော့ ကိုယ့်ဘက်က အားသာချက်ရသွားတာပေါ့။ ဒီကောင်တွေ ထိတော့ ချက်ချင်းပဲ ပြန်ဆုတ်သွားတယ် ” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦးလောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းပြီး နှစ်ဦးလောက် သေဆုံးတယ်လို့ သတင်းရထားတဲ့အကြောင်းလည်း အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
 
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
 
မိုင်းထောင်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေါက်ရပ်ကျေးရွာထဲကို ဝင်ရောက်လာတဲ့အတွက် အသင့်စောင့်နေကြတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဆယ်မိနစ်နီးပါးကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
 
တဆက်တည်းမှာပဲ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်း ဒေါက်ရပ်ကျေးရွာ အနီးကို ကားသုံးစီးနဲ့ ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကိုအေးမင်းထွန်းက ဆိုပါတယ်။
 
“ ယာဉ်တန်းကို လုံခြုံရေးယူပေးတဲ့ အဖွဲ့တွေပေါ့။ ကျွန်တော်တို့က သိလို့ အဲဒီနေရာမှာ မိုင်းထောင်ထားတာ နှစ်ရက်လောက်ရှိပြီ၊ သူတို့ စစ်ကြောင်းဝင်လာတဲ့အချိန်မှာ စောင့်ပြီး ဖောက်ခွဲလိုက်တာပဲ ” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။
 
ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်ပြုပေးနိုင်ခြင်းတော့ မရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်တယ်လို့ ဆိုပါတယ်။
 
ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် ကျေးရွာတွေဘက်ကို လူနာတင်ယာနှစ်စီး ဝင်ရောက်လာတာကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာအနီးမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
 
“ မနက်ပိုင်းမှာ ပေါက်ကွဲသံကြားရပြီးတော့ ပစ်ခတ်သံတွေ ခဏကြားရတယ်။ နေ့လယ်လောက်ကျတော့ အရေးပေါ်ကားနှစ်စီး ရွာဘက်ဝင်သွားတာပဲ မြင်တာ။ ကျန်တာတော့ မသိဘူး ” လို့ ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးပြီး စစ်သားသုံးဦး ဒဏ်ရာရရှိကာ တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
“ ထိတာက ပထမ မိုင်းဆွဲခံရတဲ့အချိန်မှာ ထိသွားကြတယ် ” လို့ ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီအမြောက်တပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီး ဆယ်လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒေသခံတချို့ကတော့ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို လက်နက်ကြီး ပစ်ခတ်ချိန်မှာလည်း ဗုံးခိုကျင်းထဲမှာ တိမ်းရှောင်နေရတဲ့အတွက် အရပ်သားထိခိုက်တာတွေ မကြားရပါဘူး။
 
ဓာတ်ပုံ – AFP