မုံရွာထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့သူ ဆယ့်လေးဦး ထပ်တိုးအမှုဖွင့်ခံရ

အောက်တိုဘာ၊ ၁၈
 
စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်အတွင်း သိမ်းဆည်းခံ ပစ္စည်းတွေ ပြန်ရဖို့အတွက် အစားငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၁၄ ဦးကို ထောင်အာဏာပိုင်တွေက ရာဇသတ်ကြီး ပုဒ်မ ၁၄၇ နဲ့ ထပ်တိုးအမှု ဖွင့်လိုက်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့၀င် ကိုရှင်းသန့် က ပြောပါတယ်။
“ အစာငတ်ခံ ဆန္ဒပြနေသူတွေကို အကျဉ်းထောင်ဘက်က မသိချင်ယောင်ဆောင်နေတဲ့အတွက် အထဲမှာရှိနေတဲ့ ကျန်နိုင်ကျဉ်းတွေက အော်ဟစ်ဆန္ဒပြတာ ရှိတယ်၊ သူတို့ကို ပုဒ်မ ၁၄၇ နဲ့ အမှုထပ်ဖွင့်လိုက်တာပါ ” လို့ သူကရှင်းပြပါတယ်။
အကြမ်းဖက်မှုဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ ကို၀င်းကျော်ခေါင်၊ ကိုဆန်းမြင့်လွင်၊ ကိုပြည်စုံဖြိုး၊ ကို၀င်းခန့်ကို၊ ကိုဘုန်းမြင့်ကျော်၊ ကိုညီဟိန်း၊ ကိုသန်းဝေလွင်၊ ကိုခိုင်မြဲကျော်၊ ကိုစည်သူမောင်၊ ကိုမျိုးဆက်မောင်၊ ကိုသူရိန်မြင့်၊ ကိုဝေယံထွန်း၊ ကိုကောင်းထက်၊ ကိုမျိုးမင်းထွန်း၊ ကိုသူရိန်၀င်း၊ ကိုထက်နိုင်လင်း၊ ကိုနိုင်မှူးတို့ကို ထပ်တိုးအမှုဖွင့်လိုက်တာလို့ သိရပါတယ်။
ရုန်းရင်းဆန်ခတ်မှုလို့ လူသိများတဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၄၇ ဟာ ဥပဒေနဲ့ ဆန့်ကျင်ပြီး လူစုလူဝေးပြုလုပ်မှုနဲ့ ရုန်းရင်းဆန်ခတ်ကျူးလွန်မှုတွေကို တားမြစ်ထားတဲ့ ပုဒ်မဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။
“ လက်ရှိထောင်မှာ ထောင်၀န်ထမ်းထဲက တယောက်က တရားလိုလုပ်ပြီး တရားစွဲဆိုတယ်လို့ သိရှိရတယ်၊ အမှုက တရားရုံးမှာ တရားစွဲဆိုတင်ထားဆဲ အနေအထား ရှိပါသေးတယ် ” လို့ ကိုရှင်းသန့်က ဆိုပါတယ်။
အလားတူ ထောင်တွင်းဆန္ဒပြမှုမှာ ပါ၀င်ခဲ့တဲ့ ကိုဝေမိုးနိုင်၊ ကိုဘုန်းမြင့်အောင်၊ ကိုမိုးကျော်ထက်၊ ကိုနေဇင်ငြိမ် ထက်၊ ကိုနေဆန်း၊ ကိုချမ်းငြိမ်းအောင်၊ ကိုရဲရင့်သူ၊ ကိုကျော်စိုးအေး၊ ကိုအောင်သူဟိန်း တို့ ကိုးဦးကိုလည်း ထောင်တွင်း ပြစ်ဒဏ်လျှော့ရက် တနှစ်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်တွင်းဆန္ဒပြမှု ဖြစ်အပြီးမှာ ထောင်အာဏာပိုင်တွေနဲ့ ဝန်ထမ်းတွေလည်း ရာထူးက ထုတ်ပယ်ခံရတာ၊ အရေးယူခံရတာတွေ ရှိတယ်လို့ ကိုရှင်းသန့်က ပြောပါတယ်။
မုံရွာအကျဉ်းထောင် ထောင်ပိုင်ကြီး ၀င်းမင်းလတ်၊ ထောင်ပိုင်လေး ၀င်းကျော်မိုး၊ အိပ်ဆောင်မှူး ကျော်မိုး နဲ့ ညွှန်၀င်း အပါအ၀င် တိုက်တာ၀န်ကျ တပ်သား အာကာကျော် တို့ငါးဦးကို စစ်ကောင်စီက ရာထူးက ထုတ်ပယ်ခဲ့ပြီး တပ်ကြပ်အဆင့်ရှိသူ ၀န်ထမ်း လေးဦးကို ခြောက်လ ရာထူးတဆင့်လျော့အနေနဲ့ ပြစ်ဒဏ်ပေးတယ်လို့ သိရပါတယ်။
“ ရန်သူကတော့ ရန်သူအလုပ်ကို လုပ်နေတာ ဖြစ်တယ်၊ ထောင်ထဲမှာ လျှော့ရက်တို့ နောက်မှုတို့ဆိုတာ အကျဉ်းသားတွေကို စိတ်အရမ်းညစ်စေတဲ့ အရာတွေလို့ ပြောလို့ရတယ်။ ထောင်အတွင်းက သူတွေကလည်း သူတို့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲ၀င်နေမှာ ဖြစ်သလို အပြင်က ပြည်သူတွေကလည်း သူတို့နဲ့အတူ ဆက်လက် တိုက်ပွဲ၀င်ပေးကြဖို့ ပြောလိုတယ် ” လို့ ကိုရှင်းသန့် ဆိုပါတယ်။
မုံရွာအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက စတင်ပြီး သိမ်းဆည်းခံပစ္စည်းတွေ ပြန်ရဖို့အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြပြီး နောက်ပိုင်း အကျဉ်းသား ၅၀ အထိ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။
အကျဉ်းသားတဦးချင်းအတွက် ခွင့်ပြုပေးထားတဲ့ စာအုပ်၊ စားအိုးစားခွက်၊ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက သိမ်းယူသွားတာကြောင့် ပြန်ပေးဖို့ တောင်းဆိုရာက အစာငတ်ခံဆန္ဒပြမှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
 
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အဲဒီလို အစာငတ်ခံဆန္ဒပြမှု တောင်းဆိုမှုကို အကျဉ်းထောင်အာဏာပိုင်တွေက လိုက်လျောခဲ့တာကြောင့် ဆန္ဒပြမှု အဆုံးသတ်သွားပေမယ့် ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ထပ်တိုးအရေးယူမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media