အောက်တိုဘာ၊ ၁၇
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက အမှတ်(၁)စစ်ဒေသ အဖြစ်သတ်မှတ်ထားတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းတွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း သုံးရာကျော် ဖြစ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့ တလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲ ၃၂၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၇၅ ဦး သေဆုံးကာ ၃၀၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ ၄၆ လက်နဲ့ ကျည် ၃၅၁၈ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
“ ကျွန်တော်တို့ဆီမှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲဆိုတာထက် စခတွေရဲ့ စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတို့ မိုင်းဆွဲတိုက်ခိုက်တာတို့ အများဆုံးလုပ်ခဲ့တာ၊ တိုက်ပွဲများတာကတော့ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက်ဖက်က ပိုများနိုင်တယ် ” လို့ အမှတ်(၁) စစ်ဒေသ တိုက်နယ်(၃) အတွင်းပါဝင်တဲ့ မတ္တရာမြို့နယ်အခြေစိုက် နဂါးညီနောင် (ပကဖ) အဖွဲ့ တာဝန်ရှိ သူတဦးက DNA ကိုပြောပါတယ်။
သီးခြားသတင်းထုတ်ပြန်ချက်နဲ့ မှတ်တမ်းတွေအရတော့ ပြီးခဲ့တဲ့ တလအတွင်း ရှမ်းမြောက်ဒေသ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင် စတဲ့ဒေသတွေနဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ကြသလို စစ်ကိုင်းတိုင်းထဲမှာလည်း ထိတွေ့တိုက်ပွဲနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာ တွေနေ့စဉ်နီးပါး ရှိနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမှတ်(၁) စစ်ဒေသမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုပေါင်း ၁၄၅ ကြိမ်၊ နှစ်ဖက်ထိတွေ့တိုက်ပွဲပေါင်း ၅၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၅၅ ကြိမ်၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာ နထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတလအတွင်း တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၂ ဦး ကျဆုံးခဲ့သလို ၂၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွက်ကဲမှုအောက်ရှိ PDFတွေ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ပွဲတွေကို ဖော်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ပြည်သူ့ခုခံတွန်လှန်စစ် နှစ်နှစ်တာကာလအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က သုံးသောင်းလောက် သေဆုံးခဲ့ပြီး ဒါဟာစစ်အုပ်စုရဲ့ အင်အား ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို ချေမှုန်းနိုင်ခဲ့တာလို့ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – NUG
ပုံစာ – စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တချို့။ (ပုံဟောင်း)