မွန်တော်လှန်ရေးတပ် ရာမညတပ်ဖွဲ့ဝင်တဦး မွန်ပြည်သစ်ပါတီဆီ လက်နက်ခဲယမ်းနဲ့ ပူးပေါင်း

အောက်တိုဘာ၊ ၁၇
 
မွန်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရာမညတပ်ဖွဲ့ ခေါင်းဆောင်နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဲဒီတပ်ဖွဲ့မှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတဦး မွန်ပြည်သစ်ပါတီ (NMSP)ထံ လက်နက်နဲ့အတူ ပူးပေါင်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
“ တခြားသူတွေရဲ့ လက်အောက်မှာ မနေချင်လို့ သူရဲ့ သဘောထားဆန္ဒအရ လာပူးပေါင်းတာပါ၊ နောက် သူတို့အဖွဲ့ထဲမှာလည်း ရှုပ်ထွေးမှုတွေ ရှိနေတယ်ပြောတယ် ” လို့ မွန်ပြည်သစ်ပါတီဗဟိုနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
အဲဒီလို ပူးပေါင်းခဲ့သူဟာ ရာမညတပ်ဖွဲ့မှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ထွန်းနိုင်ဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ပြီးခဲ့ရက်ပိုင်းက ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
 
တပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်းမရှိတော့တဲ့နောက်ပိုင်း ရာမညတပ်ဖွဲ့ကို သီးခြားအဖွဲ့တခုအနေနဲ့ လှုပ်ရှားနေထိုင်ခြင်း မပြုဖို့နဲ့ KNU လက်အောက်မှာ နေထိုင်လှုပ်ရှားသွားကြဖို့ KNU ဘက်က အသိပေးခဲ့တယ်လို့လည်း နိုင်ထွန်းနိုင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
နိုင်ထွန်းနိုင်ဟာ ရေးမြို့နယ် ရေးချောင်းဖျားဒေသ ဇာတိဖြစ်ပြီး ရာမညတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ချိန်မှာ အဖွဲ့ခေါင်းဆောင် နိုင်ချမ်းနဲ့အတူ ပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်နေသူလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ချမ်းဟာလည်း မွန်ပြည်သစ်ပါတီ (NMSP)တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး ရာမညတပ်ဖွဲ့ကို ဦးဆောင်တည်ထောင်ထားတာ နှစ်နှစ်နီးပါး ရှိပါပြီ။
 
သူတို့တပ်ဖွဲ့ဟာ ရေးမြို့နယ်တောင်ပိုင်းနဲ့ ရေဖြူမြို့နယ်တို့မှာ အဓိက လှုပ်ရှားကာ နွေဦးတော်လှန်ရေးမှာ ပေါ် ပေါက်လာတဲ့ မွန်တော်လှန်ရေးတပ်၊ PDF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်နတာပါ။
 
အဲဒီနောက် နိုင်ချမ်းဟာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက် မနက် ၈ နာရီခွဲလောက်က ရေဖြူမြို့နယ် သဲချောင်းကျေးရွာဘက်ကို ပြန်လာချိန် လမ်းခုလတ်မှာ အမည်မသိအဖွဲ့တခုက ခြုံခိုတိုက်ခိုက်ခဲ့လို့ သေဆုံးသွားပါတယ်။
 
အဲဒီချိန်တုန်းက နိုင်ချမ်းဟာ ဓါးနဲ့ ထိုးသတ်ခံရတာ၊ သေနတ်နဲ့ပစ်သတ်ခံရတာဆိုပြီး သတင်းမျိုးမျိုး ထွက်ခဲ့ပေမယ့် ဒီကနေ့ မွန်ပြည်သစ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ချမ်းဟာ ဓါးထိုးသွင်းဒဏ်ရာနဲ့ လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
 
လက်ရှိ ရာမညတပ်ဖွဲ့ကို တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ နိုင်ဗညားက ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး အဖွဲ့အနေနဲ့ ဘယ်လိုပုံစံနဲ့ ဆက်လက်လှုပ်ရှားနေတယ်ဆိုတာ သိရှိနိုင်ဖို့ ရာမညတပ်တာဝန်ရှိသူတွေဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
ဝါရင့်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဟာ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သလို အာဏာသိမ်းပြီးနောက်မှာလည်း NCA အတိုင်း ဆက်လက်ရပ်တည်မယ်လို့ ဆိုထားပြီး စစ်ကောင်စီနဲ့ လက်ရှိအထိ တိုက်ပွဲဖြစ်နေတာမျိုးတွေ မရှိသေးပါဘူး။
 
ဒါပေမယ့် တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ တတိုင်းပြည်လုံး ငြိမ်းချမ်းလိုတဲ့ ဆန္ဒရှိရင် နိုင်ငံတဝန်း ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းအသစ်တွေကိုပါ ဖိတ်ခေါ်ဆွေးနွေးရမယ်လို့ တိုက်တွန်းထားပြီး လက်ရှိအခင်းအကျင်းဟာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အခြေအနေ မရှိဘူးလို့ ထောက်ပြထားပါတယ်။
 
ဓာတ်ပုံ – NMSP