ထားဝယ်ထောင်က နိုင်/ကျဉ်း မောင်နှမနှစ်ဦး ထောင်ဒဏ်နှစ်ရှည် ထပ်မံချမှတ်ခံရ

အောက်တိုဘာ၊ ၁၇
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား မောင်နှမနှစ်ဦးကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ထောင်ဒဏ်နှစ်ရှည် ထပ်မံချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN ထံကနေ သိရပါတယ်။
 
” ဖမ်းတုန်းက သူ့မိသားစုရော၊ သူ့အဒေါ်မိသားစုတွေကိုပါ ဖမ်းတာ။ အဲ့တုန်းက ဖမ်းခံထိတာ သုံးဆယ်လောက်တောင်ရှိမယ်၊ သူနဲ့ သူ့မောင်လေးကိုတော့ ပြန်မလွှတ်ဘဲ ထောင်ချလိုက်တာ ” လို့ မယဉ်ယဉ်ချိုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အသက် ၃၂ နှစ်ရှိတဲ့ မယဉ်ယဉ်ချိုကို ထားဝယ်ခရိုင်တရားရုံးကနေ အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၀(ည) နဲ့ ဆယ်နှစ်၊ ပုဒ်မ ၅၁ နဲ့ လေးနှစ်၊ ပုဒ်မ ၅၂ နဲ့ ခြောက်နှစ်၊ ပုဒ်မ ၅၄ နဲ့ ၁၂ နှစ် ထပ်မံချမှတ်လိုက်တာလို့ သိရပါတယ်။
 
မယဉ်ယဉ်ချိုဟာ အခုနှစ် မေလထဲကလည်း ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသေးတာကြောင့် အခုဆို စုစုပေါင်းထောင်ဒဏ် ၄၄ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
 
အလားတူပဲ အတူဖမ်းဆီးခံခဲ့ရတဲ့ မောင်ဖြစ်သူ အသက် ၂၉ နှစ်ခန့်ရှိ ကိုသက်ဇော်ဝင်းကိုလည်း စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ သုံးခုနဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့ပါသေးတယ်။
 
မယဉ်ယဉ်ချိုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ကူညီဆောင်ရွက်ပေးတာကို စစ်ကောင်စီတပ်က စစ်ဆေးတွေ့ရှိတာကြောင့် အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာလို့ မယဉ်ယဉ်ချိုနဲ့ နီးစပ်သူတဦးကတော့ ပြောပါတယ်။
 
” ထားဝယ်ထောင်က နိုင်/ကျဉ်း အမျိုးသမီးတွေထဲမှာဆို သူအများဆုံးပဲ၊ ကျန်တဲ့အမျိုးသမီးတွေက အများဆုံးကျတာ ဆယ်နှစ်ပတ်ဝန်းကျင်ပဲ ရှိတယ် ” လို့ DPPN တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိ ထားဝယ်အကျဉ်းထောင်မှာ နိုင်/ကျဉ်း စုစုပေါင်း ငါးရာလောက်ရှိပြီး အဲဒီထဲက အယောက် ခြောက်ဆယ်လောက်ကတော့ အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ကူညီဆောင်ရွက်နေတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကောင်စီတပ်က မယဉ်ယဉ်ချိုနဲ့ သူ့မိသားစုဝင်တွေကို အခုနှစ် ဇန်နဝါရီလ ၂ ရက်က ထားဝယ်မြို့၊ အနောက်မြို့တွင်းရပ်ကွက်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သူ့မိသားစုဝင်တွေကိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဖမ်းခံရပြီး သိပ်မကြာခင်မှာပဲ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းက မယဉ်ယဉ်ချို ပိုင်ဆိုင်တဲ့ အထည်ဆိုင်တဆိုင်ကိုလည်း စစ်ကောင်စီတပ်က ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရတော့ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေမှာ အခုနှစ် စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး သုံးထောင့်ငါးရာကျော် ရှိတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media