အောက်တိုဘာ၊ ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဝငဲ့ကျေးရွာမှာ အိမ်စားဖို့အတွက် ရေကန်ထဲ ကန်စွန်းရွက်ဆင်းခူးရာက ရွှေ့ပြောင်းလုပ်သား သားအမိနှစ်ဦး အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
“ ပျောက်နေတယ်ဆိုလို့ သူ့မိသားစုတွေက လိုက်ရှာတာ၊ ရေကန်မှာ ဖိနပ် နှစ်ရံ အရင်တွေ့တာ၊ ရေငုပ်ရှာမှ သူတို့အလောင်း နှစ်လောင်းကို တွေ့တာ ” လို့ ကျိုက်မရောမြို့နယ်အခြေစိုက် ဖြူစင်နှလုံးသား ပရဟိတအသင်း တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
အသက်ရှစ်နှစ်အရွယ် သားဖြစ်သူက ကန်စွန်းရွက်ဆင်းခူးရင်း ရေနစ်သွားတာကြောင့် မိခင်ဖြစ်သူက ဆင်းကယ်ရာက နှစ်ဦးလုံး သေဆုံးသွားတာလို့ သူကပြောပါတယ်။
အဲဒီသားအမိနှစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ ရေကန်ဟာ ဝါးတပြန်လောက် အနက်ရှိပြီး မိခင်အမျိုးသမီးက အသက် ၄၈ နှစ်အရွယ် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ သားအမိနှစ်ဦးဟာ တခြားဒေသကနေ ကျိုက်မရောမြို့နယ်က ရော်ဘာခြံတခုမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား မိသားစုဝင်တွေ ဖြစ်တယ်လို့လည်း ဖြူစင်နှလုံးသား ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ သားအမိနှစ်ဦး ရုပ်အလောင်းတွေကိုတော့ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာ သုဿာန်မှာ သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဖြူစင်နှလုံးသား ပရဟိတအသင်း