အောက်တိုဘာ၊ ၁၆
အာဖဂန်နစ္စတန် အနောက်ပိုင်း ဒေသမှာ တပတ်အတွင်း အင်အားပြင်း ငလျင် ၃ ကြိမ်ထိ လှုပ်ခတ်မှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်က ဟီရတ်မြို့နားမှာ ရစ်ချ်တာစကေး ၆.၃ အဆင့် ငလျင်တခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။ ငလျင်ဦးတည်တဲ့ ဗဟိုချက်ဟာ မြေမျက်နှာပြင်အောက် ၆.၃ ကီလိုမီတာလောက်သာ ကွာဝေးတာကြောင့် မြေတိမ်ငလျင် အမျိုးအစားဖြစ်ပြီး မြေပေါ်မှာ ထိခိုက်ခံစားရမှု ပြင်းထန်ပါတယ်။
အဲဒီ ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁ ဦးရှိတယ်လို့ ဟီရတ် လခြမ်းနီ အဖွဲ့က ကြေညာပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒဏ်ရာရသူ ဦးရေကတော့ ၁၀၀ ကျော်လောက် ရှိပါတယ်။ ဒါဟာ အာဖဂန် အနောက်ပိုင်း နယ်မြေတွေမှာ သီတင်းပတ် တပတ်အတွင်း တတိယမြောက် အင်အားပြင်းငလျင် လှုပ်ခတ်မှုလည်း ဖြစ်လာပါတယ်။
ပထမနဲ့ ဒုတိယ ငလျင်ကြီးတွေ အတွင်းမှာတော့ လူ ၁၀၀၀ ကျော်လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲဒီထဲက ၉၀၀ ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ခဲ့ပါတယ်။
ဟီရတ်နဲ့ ၄၀ ကီလိုမီတာလောက် အကွာမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ ထိခိုက်ပျက်စီးမှုတွေ အများဆုံး ဖြစ်ပေါ်စေခဲ့ပြီး အသေအပျောက် အခြေအနေလည်း အဆိုးဆုံးပါပဲ။
အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန် အစိုးရဟာ နိုင်ငံအများစုရဲ့ ဖယ်ကြဉ်မှုကို ခံထားရတဲ့အပြင် လက်ရှိ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကလည်း အရှိန်မြင့်နေတာကြောင့် ငလျင်ဘေးသင့် ပြည်သူတွေဟာ နိုင်ငံတကာ ထောက်ပံ့မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မရရှိဘဲ ကိုယ်ထူကိုယ်ထ ရုန်းကန်နေရပါတယ်။
ငလျင်တွေ ဆက်တိုက် လှုပ်နေတာကြောင့် ဒေသခံတွေဟာ စိတ်မလုံခြုံဘဲ အချိန်တိုင်း ကြောက်လန့်နေကြတယ်လို့လည်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားတဲ့နောက် ၂၀၂၁ ခုနှစ်မှာ တနိုင်ငံလုံးကို ပြန်လည် ထိန်းချုပ်ခဲ့တဲ့ တာလီဘန် အစိုးရဟာ ငလျင်ဘေးသင့် ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် မဆောင်ရွက်နိုင်မှန်း မြင်သာနေပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပြည်သူတွေအတွက် ရွက်ဖျင်တဲတွေကို နောက်ထပ် တလအတွင်း ပေးပို့နိုင်ဖွယ် မရှိသေးကြောင်း သိရပါတယ်။
အာဖဂန်ဟာ ငလျင်တွေနဲ့ မစိမ်းတဲ့ နိုင်ငံတခုဖြစ်ပြီး အထူးသဖြင့် ဟင်ဒူကုရှ် တောင်တန်းတွေနဲ့ ဆက်စပ်တဲ့ နေရာတွေဟာ ငလျင်ဒဏ်ကို ပိုမို ခံစားကြရပါတယ်။ အဲဒီ တောင်တန်းအောက်မှာ ယူရေးရှားနဲ့ အိန္ဒိယ မြေအောက် ပြတ်ရွေ့ ကျောက်လွှာချပ်ကြီးတွေ တည်ရှိနေပြီး အချင်းချင်း ပွတ်တိုက်တဲ့အခါ ငလျင်တွေ လှုပ်ခတ်တာ ဖြစ်ပါတယ်။
Ref: BBC