ထိုင်းစျေးဝယ်စင်တာ ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူတဦး ထပ်မံသေဆုံး

အောက်တိုဘာ ၊ ၁၅

ဘန်‌ကောက်မြို့က စျေးဝယ်စင်တာ ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တဲ့ အမျိုးသမီးတဦး ထပ်မံ သေဆုံးသွားခဲ့တဲ့အတွက် အဲဒီ ဖြစ်စဉ်မှာ အသေအပျောက် အရေအတွက် ၃ ဦးထိ မြင့်တက်လာခဲဲ့ပါတယ်။

ပန်ဖိုင်ဝမ်ဆိုတဲ့ ထိုင်းအမျိုးသမီးဟာ ဆေးရုံမှာ ၁၀ ရက်လောက်ကြာအောင် သတိလစ် မေ့မျောနေခဲ့ရာက အောက်တိုဘာ ၁၃ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်က ဘန်ကောက်မြို့တော်မှာရှိတဲ့ ဆိုင်ယမ် ပါရာဂွန် စျေးဝယ်စင်တာထဲမှာ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ် တဦးရဲ့ ဝင်ရောက် ရမ်းကား ပစ်ခတ်မှုကြောင့် မြန်မာနဲ့ တရုတ် အမျိုးသမီး တဦးစီလည်း ကွယ်လွန်ခဲ့ကြပြီးပါပြီ။

အဲဒီတုန်းက ပန်ဖိုင်ဝမ် အပါအဝင် ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ပြီး အခုတော့ ပန်ဖိုင်ဝမ်ကပါ သေဆုံးစာရင်းထဲ ပါဝင်လာခဲ့တာပါ။ နီးစပ်သူတွေရဲ့ အဆိုအရ ပန်ဖိုင်ဝမ်ရဲ့ ဒဏ်ရာတွေမှာ နောက်ဆက်တွဲ ပိုးဝင်မှုတွေ အခြေအနေ ပိုဆိုးလာတဲ့နောက် ဆရာဝန်တွေက ဘယ်လိုမှ မကယ်တင်နိုင်တော့ဘဲ လက်လျှော့လိုက်ရကြောင်း သိရပါတယ်။

နောက်ပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ လူငယ်တွေဟာ လွန်ခဲ့တဲ့ တပတ်ကျော် ကတည်းက ပန်ဖိုင်ဝမ်ရဲ့ မိဘတွေဆီ လာရောက်ပြီး အနူးအညွတ် တောင်းပန်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ကျူးလွန်သူဟာ အသက်မပြည့်သေးတဲ့ လူငယ်တဦး ဖြစ်တာကြောင့် ရဲတွေက သူ့နာမည်ကို မထုတ်ပြန်သေးပါဘူး။ လောလောဆယ် အဲဒီလူငယ်ဟာ လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေ အပါအ​​ဝင် စွဲချက်တွေနဲ့ ရင်ဆိုင်နေရသလို ဂယ်လ်ယာ ရာဂျန်နာဂါရင်ဒရာ ဆေးသိပ္ပံ ဌာနမှာ စိတ်ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။

အဲဒီ လူငယ်ဟာ Glock-19 အမျိုးအစား ဗလာကျည် သေနတ် (သေနတ်တု) တလက်ကို ကျည်အစစ်ထည့်လို့ရအောင် ပြင်ဆင်ပြီး ဘန်ကောက်ရဲ့ လူအစည်ကားဆုံး စာရင်းဝင် စင်တာကြီးထဲ ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ထိုင်းရဲတပ်ဖွဲ့ဟာ အဲဒီလို ပုံစံတူ သေနတ်တွေ ကိုင်ဆောင်မှုနဲ့ ရောင်းဝယ် ဖောက်ကားမှုတွေကိုပါ ပိတ်ပင်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း သိရပါတယ်။