ကျောင်းသူတဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှု စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်စွပ်စွဲ

အောက်တိုဘာ ၊ ၁၄

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က စာသင်ကျောင်းတခုအနီးလက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ကျောင်းသူ တချို့သေဆုံးထိခိုက်ခဲ့ကြတာနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအပြန်စွပ်စွဲ ထားကြပါ တယ်။

ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ အခြေခံပညာကျောင်းခွဲအနီး မနေ့က နေ့လယ်ပိုင်းမှာ  လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ၁၂နှစ်အရွယ်ကျောင်းသူတဦးသေဆုံးပြီး ခြောက်နှစ်အရွယ်တဦးအပါအဝင် နောက်ထပ်ကျောင်းသူသုံးဦးဒဏ်ရာတွေရခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ဟာ KKO ခွဲထွက်အဖွဲ့နဲ့ PDF အဖွဲ့တွေရဲ့လက်ချက်လို့ စစ်ကောင်စီကထုတ်ပြန်စွပ်စွဲသလို KNU က လည်း ကော့ကရိတ် အခြေစိုက် စစ်ကောင်စီ စကခ(၁၂)လက်အောက်ခံအမြှောက်တပ်ရဲ့လက်ချက်လို့ ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီအမြှောက်တပ်က ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်ခဲ့တာ ကြောင့်စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲကာ နှစ်ဝက်စာမေးပွဲဖြေဆိုပြီးကျောင်းဆင်းလာတဲ့ ကျောင်းသူ တချို့ ထိခိုက်သေဆုံးခဲ့တာလို့ KNU ကဆိုပါတယ်။

စစ်ကောင်စီကတော့ အဲ့ဒီပေါက်ကွဲမှုဟာ တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ တာလို့ စွပ်စွဲထားတာပါ။

“ နေ့လယ်ကျောင်းလွတ်ချိန်မှာ စားမေးပွဲပြီးလို့ ပြန်နေကြတဲ့အချိန် အဲဒီဗုံးကျကွဲတာ” လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မမိုးမိုးအေးက ခန္ဓာကိုယ်အနှံကျည်စ ထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားပြီး အသက် ၆ နှစ်အရွယ် မဝေဝေနှင်း၊အသက် ၁၆ နှစ်အရွယ် မယဉ်ရင်အေးတို့ ခန္ဓာကိုယ် တွေမှာ ကျည်ထိဒဏ်ရာတွေရရှိခဲ့သလို အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ နော်ခူခူဖော ယမ်းစထိမှန် ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်ကဆိုပါတယ်။

နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေရှိနေပေမယ့် ဒေသခံတချို့ကတော့ ဒီပစ်ခတ်မှုဟာစစ်ကောင်စီဘက်က လုပ်တာ ဖြစ်တယ်လို့ ပြောဆိုတာတွေလည်းရှိနေပါတယ်။

“PDF တွေ ရောက်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာ မြို့ထဲမှာ အဲဒါကိုပဲ စစ်တပ်က ဒရုန်းနဲ့ လိုက်ချတာ၊ နေရာလွဲပြီး ထိတာ ထင်တယ်” လို့ကော့ကရိတ် မြို့ခံတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်မှုတွေရှိနေ သလို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်  လေ့ရှိပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဒီပစ်ခတ်မှုဟာ သူတို့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆန်ကြပါတယ်။

“ကျွန်တော်တို့ ဘက်က လုပ်တာမဟုတ်ဘူး၊ ထိခိုက် သေဆုံးတဲ့အထဲမှာ အသိမိသားစုဝင်ရဲ့ တူမတောင် ပါတယ်” လို့ ကျားဖြူ စစ်ကြောင်း တပ်ခွဲ ၅  တာဝန်ရှိသူ တဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲမှာ မဝေဝေနှင်းနဲ့ မစုယဥ်အေးတို့မှာ ဒဏ်ရာပြင်းထန်တာကြောင့် ကော့ကရိတ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပေါင်း သုံးထောင်ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာနဲ့ ယူကရိန်းက တိုက်ခိုက်ခံရမှု အများဆုံးဖြစ်တယ်လို့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အကာ ကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GCPEA)က ထုတ်ပြန်ထားပါတယ်။

 အခုနှစ်မေလနောက်ဆုံးပတ်ကလည်း ကော့ကရိတ်မြို့ အမှတ် ၇ ရက်ကွက်မှာ လက်နက်ကြီးကျရောက် ပေါက် ကွဲတာကြောင့် စစ်ဘေးရှောင် ဒေသခံလင်မယားနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို တိုက်ခိုက်မှု ၂၄ ကြိမ်ထိ ပြု လုပ်ခဲ့ပြီး စာသင်ကျောင်း အဆောက်အအုံ ၃၇ လုံးကျော် ပျက်စီးခဲ့ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။