အောက်တိုဘာ၊ ၁၄
မန္တလေးတိုင်း၊တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မနေ့က ဒရုန်းနဲ့နှစ်ကြိမ်တိုက်ခိုက် ခံရတာ ကြောင့်မြို့နယ်ကောင်စီဥက္ကဌနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဒဏ်ရာတွေရသွားတယ်လို့ တောင်သာမြို့နယ်ကဌာန ဆိုင်ရာဝန်ထမ်းတဦးက DNAကိုပြောပါတယ်။
“ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး လူကြီးတွေက သွားစစ်ဆေးတာ အဲမှာ ထပ်ပြီးတော့ ဒရုန်းနဲ့ချသွားတာ၊ထိတာများ တာ က ကောင်စီဥက္ကဌနဲ့ ရဲမှူးပဲ များတယ်၊ကျန်တဲ့အဖွဲ့တွေတော့ နည်းနည်းပါးပါးတော့ အစထိတာ ရှိတယ်”လို့သူက ပြောပါတယ်။
တောင်သာမြို့နယ်၊တန်းမြင့်ကျောင်းရပ်ကွက်မှာ၇ှိတဲ့ မြို့နယ်ထွေအုပ်ရုံးကို မနေ့က နေ့လယ်တနာရီခွဲလောက်မှာ ဒရုန်းနဲ့ဗုံးသီး ချတိုက်ခိုက်ခံရတာဖြစ်ပြီး ပထမအကြိမ် တိုက်ခိုက်မှုက ရုံးရှေ့လမ်းပေါ်ကိုကျရောက်ပေါက်ကွဲတာ ကြောင့် လူထိခိုက်မှု မရှိဘူးလို့သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး နာရီဝက်လောက်အကြာမှာ နောက်ထပ်တကြိမ် ဒရုန်းနဲ့ပဲ ထပ်မံတိုက်ခိုက်ခံရချိန်မှာတော့ ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုနှစ်ကြိမ်မှာ စုစုပေါင်း ဗုံးသီးလေးလုံးကြဲချခဲ့တာလို့ ဖြစ်စဉ်ကိုသိတဲ့ တောင်သာမြို့နယ်က ဌာနဆိုင်ရာဝန်ထမ်းကပြောပါတယ်။
ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်သာမြို့နယ် စီမံကောင်စီဥက္ကဌ ဦးဟန်သူရဟာ ရင်အုံ၊ ဒူး၊ ကျောဘက် တွေမှာ ယမ်းစထိမှန်ဒဏ်ရာတွေရခဲ့သလို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သိန်းကတော့ တင်ပါးနဲ့ လည်ပင်းမှာ ယမ်း စထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးလုံးဒဏ်ရာတွေရသွားပေမယ့်အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့လည်း အထက်ပါ ဌာနဆိုင်ရာ ဝန်ထမ်းကပြောပါတယ်။
“အဲဒီချိန်က လူကြီးတွေ အစည်းအဝေးလုပ်နေကြတဲ့အချိန်ပါ၊ ရုံးပေါ်မကျတာ ကံကောင်းသွားတယ်”လို့ သူကဆိုပါတယ်။
အာဏာသိမ်းပြီးနောက် လပိုင်းအကြာ ၂၀၂၁ခုနှစ် ဇွန်လကုန်ပိုင်းကလည်း တောင်သာမြို့နယ် ထွေအုပ်ရုံးက ရုံးစာရေးအမျိုးသားတဦး ဒေသတွင်းကျေးရွာတရွာမှာလုပ်တဲ့ မင်္ဂလာဆောင်ကနေအပြန်လမ်းမှာ သေနတ်နဲ့ သုံးချက်ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါသေးတယ်။
မနေ့ကတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးဘဲ DNA အနေနဲ့ အတည်ပြု နိုင်ဖို့ ဒေသတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ရာမှာလည်း အဆက်အသွယ်မ ရသေးပါဘူး။
တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေကို ရှာဖွေ စစ်ဆေး တာတွေ လုပ်ခဲ့သလို အရပ်သားတချို့ကိုလည်း မသင်္ကာမှုနဲ့ခေါ်ယူစစ်ဆေးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အနီးမှာနေထိုင်သူတဦးက ပြောပါတယ်။
“မြို့ထဲမှာလောက်ပဲ သူတို့(စစ်ကောင်စီတပ်ဖွဲ့)တွေ ပိတ်စစ်တာ လုပ်တယ်၊ တနာရီလောက်ပဲ ရှိမယ်ထင်တယ်၊ သူတို့ မသင်္ကာတဲ့ လူငယ်သုံးလေးယောက်ကို ဖမ်းခေါ်ပြီး စစ်ဆေးတာ တွေ့ခဲ့ရတယ်၊ ပြန်လွှတ်ပေးလိုက်ပြီ ထပ် ကြား ရတယ်” လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်ကလည်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို လာစစ် ဆေးတဲ့ ခရိုင်အဆင့် စစ်ဘက်အရပ်ဘက်တာဝန်ရှိသူတွေ ထပ်မံ တိုက်ခိုက်ခံရလို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသေဆုံး ကာဆယ်ဦးထက်မနည်းဒဏ်ရာ ရခဲ့ကြပါသေးတယ်။
အဲ့ဒီလိုဌာနဆိုင်ရာရုံးတွေ မကြာမကြာဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတာတွေကြောင့် ရဲစခန်း၊ ထွေအုပ်ရုံး၊ လ.ဝ.က ရုံးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်ခြေများတဲ့ ဌာနဆိုင်ရာရုံးတွေမှာ ဒရုန်းကာကွယ်ရေးစနစ် Jammer တွေ တပ် ဆင်ထားကြတယ်လို့ စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက DNA ကိုပြောထား ပါတယ်။
စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် ကျေးရွာနဲ့ရပ်ကွက်အုပ် ချုပ် ရေးမှူး ၈၂၅ဦးနဲ့ တခြားဝန်ထမ်း ၂၅၁ဦးအပါအဝင် အရပ်သား ၆၀၉၁ဦး တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးခဲ့ တယ်လို့ ဆိုထားပါတယ်။