အကြမ်းကြုတ်ဆုံး တိုက်ခိုက်မှုကြီးအပြီး တစပြင်တခုအသွင် ပြောင်းသွားတဲ့ ဒုက္ခသည်စခန်း

အောက်တိုဘာ ၊ ၁၄

မြန်မာနိုင်ငံ မြောက်ပိုင်းက တောင်ပေါ် ဒေသတခုမှာ စစ်ဘေးရှောင် စခန်းတခု ပြင်းပြင်းထန်ထန် တိုက်ခိုက် ခံထားရတဲ့ မြင်ကွင်းက အာရုံနောက်ကျိစရာ ကောင်းလွန်းနေပါတယ်။ ပျဉ်ချပ်တွေ၊ ဝါးထရံတွေနဲ့ သွပ်အမိုးတွေက နေရာအနှံ့ ပျံကြဲနေပြီး ဘယ်နေရာကြည့်ကြည့် အပျက်အစီးတွေချည်းပါပဲ။ မြန်မာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အခုလို အခြေအနေတွေ ဖြစ်ပေါ်လာတာလို့ ဒေသခံ ကချင် တော်လှန်ရေး အင်အားစု တခုက ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ညပိုင်းက တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေရာ ကချင်ပြည်နယ် တနေရာက ဒုက္ခသည် စခန်းမှာ အပြင်းအထန် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပါတယ်။ သွေးပျက် ထိတ်လန့်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အမှောင်ထဲမှာ လက်နှိပ်ဓာတ်မီးတွေ ထိုးပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို အသည်းအသန် လိုက်ရှာခဲ့ကြပါတယ်။

ကျောက်စိမ်း အထွက်ကြွယ်ဝရာ မြန်မာနိုင်ငံ မြောက်ပိုင်း တောင်ပေါ်ဒေသတွေမှာ စစ်တပ်နဲ့ ဒေသခံ ကချင် တိုင်းရင်းသား တော်လှန်ရေး တပ်တွေကြား ဆယ်စုနှစ်တွေနဲ့ချီ စစ်ရေး ပဋိပက္ခတွေ ရှိနေခဲ့ပြီး အဲဒီ တင်းမာမှုတွေဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းမှု အပြီးမှာ ပိုမို ဆိုးရွားလာပါတယ်။

သိမ့်သိမ့်တုန်သွားတဲ့ ပေါက်ကွဲမှုကြီးရဲ့ အရှိန်ကို ၂ ကီလိုမီတာလောက် အကွာမှာရှိတဲ့ လိုင်ဇာမြို့ထဲကပါ သိရှိ ခံစားခဲ့ရတယ်လို့ လိုင်ဇာ အခြေစိုက် တက်ကြွလှုပ်ရှားသူ တယောက်က AFP သတင်းဌာနကို ပြောပြပါတယ်။

“ဒုက္ခသည် စခန်းဖက် လက်နက်ကြီး ကျတဲ့အချိန်မှာ ကျွန်မတို့ရဲ့ အိမ်ပါ ခါထွက်သွားတယ်”လို့ လုံခြုံရေး အခြေအနေတွေကြောင့် နာမည် ဖော်မပြလိုတဲ့ အမျိုးသမီးက ဆိုပါတယ်။

စစ်ရှောင်ပြည်သူ ၆၀၀ လောက် ခိုလှုံခဲ့ဖူးတဲ့ မုန်လိုင်ခက် စခန်းဟာ အောက်တိုဘာ ၁၁ ရက်မှာတော့ လူသူ မရှိသလောက် ခြောက်ကပ်သွားခဲ့ပါတယ်။ ပြီးတော့ အဲဒီအနီးတဝိုက် ဧရိယာကို ထိန်းချုပ်ထားတဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ တပ်ဖွဲ့ဝင်တွေက စခန်းတဝိုက်မှာ သွားလာခွင့် ပိတ်ထားလိုက်ပါတယ်။

စခန်းထဲကို လှမ်းကြည့်ရင်တော့ တွန့်လိမ် ပျက်စီးနေတဲ့ သစ်ဝါးတွေ၊ သွပ်နဲ့ သတ္တု အပိုင်းအစတွေ နေရာအနှံ့ ပြန့်ကြဲနေတယ်။ ဒုက္ခသည် စခန်းက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းလေးဆီ ညွှန်ပြခဲ့ဖူးတဲ့ လမ်းညွှန် အမှတ်အသားကတော့ မြေပေါ်မှာ ခပ်စောင်းစောင်း လဲကျနေပါတယ်။

စခန်းမှာ နေထိုင်ခဲ့သူတွေက နည်းနည်းစီ လူစုပြီး အပျက်အစီးတွေ အောက်ထဲက ကိုယ်ပိုင် ပစ္စည်းလေးတွေကို ရသလောက် ပြန်လည် စုစည်း သိမ်းယူနေကြပါတယ်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တဲ့ အရှိန်ကြောင့် လိုင်ဇာ ဆေးရုံက ပြတင်းမှန်တွေပါ ကွဲအက်ခဲ့ပါတယ်။ အခုတော့ အဲဒီဆေးရုံဟာ ဖြစ်ရပ်ဆိုးအတွင်း ဒဏ်ရာရခဲ့သူ ၅၆ ဦးကို လက်ခံကုသပေးတဲ့နေရာ ဖြစ်နေပါတယ်။

သေဆုံးသူတွေကိုတော့ အောက်တိုဘာ ၁၀ ရက်က ခရစ်ယာန် ဘာသာရေး ထုံးတမ်းတွေနဲ့အညီ မြေချ မြှုပ်နှံခဲ့ပါတယ်။ နာရေး လိုက်ပါ ပို့ဆောင်သူတွေက သစ်သား​ ခေါင်းတလားတွေကို ခပ်နက်နက် တူးထားတဲ့ တွင်းတွေထဲ ချနေတဲ့အချိန် ဓမ္မတေးတွေကို သီဆိုနေခဲ့ကြတယ်။

ကျန်ရစ်သူ မိသားစုဝင်တွေက မျက်ရည် မဆည်နိုင်ဖြစ်ပြီး လွမ်းသူ့ ပန်းခွေတွေ လာချထားကြတယ်။ နောက်ဆုံးမှာတော့ မြေကော်စက်ကြီး တခုက ကွယ်လွန်သူတွေ နောက်ဆုံး ထာဝရ လှဲလျောင်းရာ နေရာပေါ်မှာ မြေသားတွေ ဖို့ပေးလိုက်ပါတော့တယ်။

KIAဟာ ခရစ်ယာန် အများစု နေထိုင်ရာ ကချင်ပြည်နယ်ရဲ့ ဒေသ တော်တော်များများကို စစ်ရေးအရ ထိန်းချုပ်ထားပါတယ်။ ပြီးတော့ စစ်တပ်နဲ့လည်း ဆယ်စုနှစ်တွေ ကြာမြင့်တဲ့ထိ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု အပြီးမှာတော့ KIAနဲ့ မြန်မာစစ်တပ်ကြားက တိုက်ပွဲတွေက ပိုပြင်းထန်လာတယ်။ စစ်တပ်က အာဏာသိမ်းမှုအပြီး အသစ်ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)ကို KIAက လက်နက် တပ်ဆင်ပြီး စစ်သင်တန်း ပေးနေတယ်လို့ စွပ်စွဲထားတယ်။

ကနဦး စုံစမ်းစစ်ဆေးမှု အချက်အလက်တွေအရ စစ်တပ်ဟာ လက်နက် တပ်ဆင်ထားတဲ့ ဒရုန်းတစီးကနေ ဒုက္ခသည် စခန်းပေါ်ကို ဗုံးအကြီးစားတလုံး ကြဲချသွားတယ်လို့ ယုံကြည်ရကြောင်း KIAရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး နော်ဘူက AFPကို ပြောပါတယ်။ စစ်တပ်ကတော့ ဒုက္ခသည်စခန်း တိုက်ခိုက်မှုမှာ သူတို့ရဲ့ စနက် ဘာမှ မပါဝင်ဘူးလို့ ငြင်းဆိုထားပါတယ်။

အောက်တိုဘာ ၁၁ ရက်မှာတော့ စစ်တပ်က အဲဒီ ပေါက်ကွဲမှုဟာ KIAရဲ့ လက်နက်သိုလှောင်ရုံ တခု ပေါက်ကွဲတာသာ ဖြစ်တယ်လို့ စွပ်စွဲလာပါတယ်။ KIAက ၁၀၅ တန်လောက် အလေးချိန်ရှိတဲ့ အမိုနီယမ် နိုက်ထရိတ် ဓာတ်ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကို သိုလှောင်ထားတယ်လို့လည်း စစ်တပ်က ပြောပါတယ်။ ပြီးတော့ ဖြစ်စဉ် အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့လည်း စစ်တပ်က ကြေညာထားပါတယ်။

 လိုင်ဇာဟာ KIAရဲ့ ဌာနချုပ် အခြေစိုက်ရာ ဒေသဖြစ်ပြီး တရုတ် နယ်စပ်နဲ့ နီးနီးကပ်ကပ် တည်ရှိနေပါတယ်။ ကိုယ့်ဇာတိနယ်မြေ အသီးသီးမှာ မြန်မာစစ်တပ်ကို အံတုနေတဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ KIAက လိုင်ဇာမှာ လေ့ကျင့်ပေးပြီး လက်နက် တပ်ဆင်ပေးနေတယ်။

 မနှစ်က အောက်တိုဘာလတုန်းကလည်း KIAရဲ့ နိုင်ငံရေး ဌာနခွဲက ဦးစီး ကျင်းပတဲ့ ဂီတပွဲတော် တခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ လောက် သေဆုံးပြီး ၇၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ဖူးတယ်။ ထုံးစံအတိုင်း စစ်တပ်က အဲဒီ လေကြောင်းတိုက်ခိုက်မှုကို သူတို့ မလုပ်ဘူးလို့ ငြင်းဆိုပြီး အရပ်သားတွေ သေဆုံးခဲ့တယ် ဆိုတာက ကောလာဟလသာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

 “ကျွန်မတို့ ဒေသခံ ပြည်သူတွေရဲ့ အသက်တွေ၊ အိုးအိမ်တွေ ဆုံးရှုံးခဲ့ရသလို ရှင်သန် ကျန်ရစ်သူတွေလည်း အချိန်နဲ့အမျှ ခြိမ်းခြောက် ခံနေရပါတယ်”လို့ AFPနဲ့ တွေ့ဆုံတဲ့ လိုင်ဇာမြို့ခံ အမျိုးသမီးက ဆိုတယ်။

 “လူထုကို ပြန်လည် အခြေတကျဖြစ်အောင် အမြန်ဆုံး ကူညီပေးဖို့ လိုတယ်။ အပြင်းအထန် ဒဏ်ရာရသွားသူတွေရဲ့ အသက်ရှင် ရပ်တည်ရေးအတွက်လည်း စီစဉ်ပေးဖို့ လိုတယ်။ ဒါပေမဲ့ အဲဒီ တောင်းဆိုမှုတွေက အရမ်းကို ခက်ခဲနေမှာ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောသွားပါတယ်။ 

(AFP သတင်းဌာန၏ My house was shaking’: deadly strike leaves Myanmar camp ruined, deserted ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)

Photo – Google